မြဝတီသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်

မြဝတီသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်

ကရင်ပြည်နယ် မြဝတီဒေသကို လက်လွှတ်မဆုံးရှုံးစေရန်အတွက် စစ်ကောင်စီတပ်မှ သံချပ်ကာကားများ၊ ခြေလျှင်စစ်သည်များကို  စစ်ကောင်စီအခြေချရာနေရာအသီးသီးမှ စစ်ကူများ စေလွှတ်နေသော်လည်း ကရင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်ပိတ်ဆို့ဖြတ်တောက်လျှက်ရှိကြောင်း KNUဗဟိုမှ ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

မြဝတီဒေသ လုံခြုံရေးအတွက် စိတ်ချရသည့်အနေအထားတစ်ခုအောက်ရောက်ရှိရေးအတွက် ဆက်လက်လုပ်ဆောင်ရမည့်ကိစ္စရပ်များကို လုပ်ဆောင်နေပြီး ပြည်သူလူထုအနေနှင့် လုံခြုံရေးသတိဖြင့် သွားလာနေထိုင်ကြရန် တိုက်တွန်းထားသည်။

KNU အနေဖြင့် ဒီမိုကရေစီမဟာမိတ်အဖွဲ့များနှင့်အတူ စစ်ကောင်စီပြုတ်ကျသည်အထိ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံးကလည်း မဆုတ်မနစ် ဆက်လက်ပါဝင်တိုက်ပွဲဝင်ကြရန် တိုက်တွန်းထားသည်။

မြဝတီဒေသ လုံခြုံစိတ်ချရသည့်အနေအထားကိုရောက်ရှိပါက KNUသည် မြဝတီကို ဒေသခံပြည်သူလူထုနှင့်ပူးပေါင်းပြီး အုပ်ချုပ်ရေးလုပ်ငန်းများချမှတ်ခြင်း၊ လူကုန်ကူးမှု၊ တရားမဝင်စီးပွားရေးလုပ်ငန်းများ၊ တားမြစ်ပစ္စည်းကုန်သွယ်မှုများကို ပိတ်ပင်တားဆီးခြင်း၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဖော်ဆောင်ခြင်း၊ မဖြစ်မနေလိုအပ်သော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကုန်စည်စီးဆင်းရေးလုပ်ငန်းများကို စိန်ခေါ်မှုများကြားထဲမှ ဖြစ်မြောက်အောင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#TachileikNewsAgency