မောင်တော တောင်ပြိုလက်ယာတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်သား ၁၄ ဦး ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေး

မောင်တော တောင်ပြိုလက်ယာတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်သား ၁၄ ဦး ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေး
ဖေဖော်ဝါရီ 4, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ယာဘက်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၄)ရက်နေ့ နံနက်ပိုင်းကစတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သား (၁၄)ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

တိုက်ပွဲကြောင့် စစ်ကောင်စီတပ်၏ နယ်ခြားစောင့်တပ်စခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား (၁၄)ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုက်‌ချောင်ဆူရီနယ်စပ်ရှိ BGBစခန်းသို့ ထွက်ပြေးခိုလှုံနေသည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တောင်ပြိုရွာသို့ ကျရောက်ပေါက်ကွဲကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"မနေ့ညပိုင်းက ကျရောက်ပေါက်ကွဲခဲ့တဲ့ မော်တာခွံအစိတ်အပိုင်းကြောင့် ဒေသခံ(၂)ဦး ဒဏ်ရာရတယ်။ နေအိမ်တစ်လုံးပျက်စီးသွားတယ်။ ဒေသခံတွေလည်း ကြောက်လွန်းလို့ အိမ်ထဲမှာတောင် မနေရဘူး။ အခုထိလည်း တိုက်ပွဲဖြစ်နေတယ်။"ဟု အဆိုပါဒေသသို့ တိမ်းရှောင်နေရသည့် ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက Tachileik News Agencyကိုပြောသည်။

ဒေသအာဏာပိုင်းများက မြန်မာနယ်စပ်တွင် ပစ်ခတ်တိုက်မှုများ ဖြစ်ပွားနေသဖြင့် ဒေသခံများ တိမ်းရှောင်ကြရန်နှင့် သတိရှိကြရန် ပြောဆိုထားသည်ဟု သိရသည်။

#TachileikNewsAgency