ပလက်ဝရှိ ခမောင်းဝ စစ်ကောင်စီတပ်စခန်း AA သိမ်းပိုက်၊ အညံ့မခံသော တပ်စခန်းများကို အပြီးသတ်ချေမှုန်းမည်ဟုဆို

ပလက်ဝရှိ ခမောင်းဝ စစ်ကောင်စီတပ်စခန်း AA သိမ်းပိုက်၊ အညံ့မခံသော တပ်စခန်းများကို အပြီးသတ်ချေမှုန်းမည်ဟုဆို
ဇန်နဝါရီ 2, 2024 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ် ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီတပ်၏ ခမောင်းဝစခန်းကို ရက္ခိုင့်တပ်‌တော်(AA)က ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)ထံမှ သိရသည်။

လက်နက်ချအညံ့မခံသေးသော စခန်းကြီး၊ငယ်များနှင့် တစ်ဝက် တစ်ပျက်၊ အနည်းငယ်သာ ကျန်ရှိနေသေးသည့် စခန်းများကိုလည်း ယခုရက်သတ္တတစ်ပတ်အတွင်း အပြီးသတ်ချေမှုန်း တိုက်ခိုက်သွားမည်ဟု ဆိုသည်။

ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးရှိ စစ်ကောင်စီအခြေချ တောင်ရှည်တောင် ဗျူဟာကုန်းကိုလည်း ရက္ခိုင့်တပ်တော်(AA)က အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။

စစ်ကောင်စီသည် ဗျူဟာကုန်းမကျရေးအတွက် ဂျက်ဖိုက်တာ (၂)စီးဖြင့် လေကြောင်းမှ ခုခံကာကွယ်နေရသည့်အပြင် ကျောက်တော်အခြေစိုက် စခန်းများမှလည်း အတွဲလိုက်ဒုံးအမြောက်အမြားသုံးကာ ခုခံကာကွယ်တိုက်ခိုက်နေသည်ဟု သိရသည်။

မင်းပြားမြို့နယ်တွင်လည်း ကျိန်းတောင်အခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၈၀)၊ ခမရ (၃၇၉)နှင့် ခမရ (၅၄၁)တပ်ရင်းများမှ မင်းပြားမြို့သို့ လက်နက်ကြီးများဖြင့် အကြိမ်ပေါင်း (၃၀)ထက်မနည်း ပစ်ခတ်ခဲ့ခြင်းကြောင့် လက်နက်ကြီးကျည် (၃)လုံးမှာ ပြည်တော်သာရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲပြီး နေအိမ်(၃)လုံးနှင့် အခြေခံပညာမူလတန်းကျောင်းတို့ ပျက်စီးသွားကြောင်း သိရသည်။

လက်နက်ကြီးကျည် (၁)လုံးမှာ မင်းပြားမြို့မစျေးအတွင်းသို့ ကျရောက်‌ပေါက်ကွဲခဲ့၍ ဆိုင်ခန်းအချို့မှာလည်း ပြိုကျပျက်စီးခဲ့ရသည်ဟု သိရသည်။

ကျောက်တော်မြို့နယ်၊ မျောက်တောင်ရွာကိုလည်း စစ်ကောင်စီတပ်က ဒရုန်းဖြင့် Drop Bombများ (၃)ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့သဖြင့် အသက် (၃)နှစ်အရွယ် ယောကျာ်းလေးတစ်ဦးနှင့် အသက်(၂၂)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ထိမှန်သေဆုံးခဲ့ရကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး (၃)ဦးတို့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ရသည်ဟု သိရသည်။

ရမ်းဗြဲမြို့အတွင်းကိုလည်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မြို့တွင်းရှိ လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ရမ်းဗြဲမြို့၊ ကျောက်ဖြူမြို့၊ ပုဏ္ဏားကျွန်းမြို့၊ မြေပုံမြို့နှင့် စစ်တွေမြို့များတွင် စစ်ကောင်စီသည် ယခုနှစ်သစ်ကာလအတွင်း ယခင်ရက်များနည်းတူ စစ်ရေးအင်အား ကြိုတင်ပြင်ဆင်မှုများ ချဲ့ထွင်လာသည်ဟု ဆိုသည်။

#TachileikNewsAgency