ထိုင်းဝန်ကြီးချုပ်က မြဝတီနယ်စပ်အခြေအနေ စောင့်ကြည့်နေ၊ လူသားချင်းစာနာမှုကူညီရန် အသင့်ရှိ

ထိုင်းဝန်ကြီးချုပ်က မြဝတီနယ်စပ်အခြေအနေ စောင့်ကြည့်နေ၊ လူသားချင်းစာနာမှုကူညီရန် အသင့်ရှိ

မြန်မာ-ထိုင်းနယ်စပ် မြဝတီဘက်ခြမ်းတွင် ယမန်နေ့ညပိုင်းကတည်းက စတင်နေသည့် တိုက်ပွဲအခြေအနေကို စိုးရိမ်စွာဖြင့် အနီးကပ်စောင့်ကြည့်နေပြီး လိုအပ်ပါက လူသားချင်းစာနာမှုအကူအညီပေးရန် အသင့်ရှိကြောင်း ထိုင်းဝန်ကြီးချုပ် ဆေထာထဝီဆင်က ၂၀၂၄ ခုနှစ် ဧပြီလ (၂၀)ရက်နေ့တွင် ၎င်း၏လူမှုကွန်ယက်စာမျက်နှာမှတဆင့် ရေးသားဖေါ်ပြထားသည်။

"မြန်မာနိုင်ငံဘက်က မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂)အနီးမှာ ဖြစ်နေတဲ့ တိုက်ပွဲနဲ့ပတ်သက်လို့ စိုးရိမ်စွာနဲ့ အနီးကပ်စောင့်ကြည့်နေပါတယ်။ နယ်စပ်တည်ငြိမ်ရေးကို ထိခိုက်စေမယ့် အခုလို တိုက်ခိုက်မှုတွေကို မတွေ့လိုပါဘူး။ ကျွန်တော်တို့ နယ်စပ်နဲ့ ပြည်သူတွေ လုံခြုံဘေးကင်းရေးအတွက် ကာကွယ်ဖို့ အဆင်သင့်ပါပဲ။ တစ်ချိန်တည်းမှာပဲ လိုအပ်ရင် လူသားချင်းစာနာမှုအကူအညီတွေလည်း ပေးသွားဖို့ အဆင်သင့်ပါပဲ။"ဟု ဝန်ကြီးချုပ်၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။

ကရင်ပြည်နယ် မြဝတီမြို့ရှိ အမှတ် (၂) ချစ်ကြည်ရေးတံတားအနီးတွင် KNLA ဦးဆောင်သည့် တော်လှန်ရေးအဖွဲ့များနှင့် ဧပြီလ (၁၁)ရက်နေ့ တိုက်ပွဲဖြစ်စဉ်က ထွက်ပြေးလာကြသည့် မြဝတီမြို့စောင့်တပ်မှ စစ်ကောင်စီတပ်သားများ ခိုအောင်းနေကြရာ ဧပြီလ (၁၉)ရက်နေ့ညပိုင်းတွင် တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြဝတီမြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ် (၂)တံတားအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးအဖွဲ့များက ယမန်နေ့ညပိုင်းတွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများလုပ်နေသဖြင့် အနီးဝန်းကျင်တွင် နေထိုင်သည့် အရပ်သားပြည်သူများက တစ်ဖက်ထိုင်းနိုင်ငံသို့ စစ်ဘေးရှောင်ကြရခြင်းဖြစ်သည်။

လက်ရှိတွင် အမှတ် (၂)တံတားအနီး တိုက်ခိုက်မှုများကြောင့် နှစ်နိုင်ငံ ကုန်တင်ယာဉ်များဖြတ်သန်းသွားလာမှု ရပ်တန့်သွားခဲ့သော်လည်း အမှတ် (၁) ချစ်ကြည်ရေးတံတားကို ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း သိရသည်။

မြန်မာ - ထိုင်း အဓိကနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)တံတားအနီးသို့ စစ်ကောင်စီတပ်သားများ ထွက်ပြေးခိုအောင်းနေကြချိန်ကတည်းက ထိုင်းနိုင်ငံက နယ်စပ်တလျှောက် တပ်အင်အားဖြည့်တင်း၍ လုံခြုံရေးတိုးမြှင့်ထားသည့်အပြင် တိုက်လေယာဉ်များဖြင့် ကင်းလှည့်ပျံသန်းခြင်းများကိုလည်း လုပ်ဆောင်နေခြင်းဖြစ်သည်။

#TachileikNewsAgency