မုန်းမြို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသဖြင့် အရပ်သားများပိတ်မိနေ

မုန်းမြို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသဖြင့် အရပ်သားများပိတ်မိနေ

ပဲခူးတိုင်း မုန်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသဖြင့် အရပ်သားများ ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။

မုန်းမြို့နယ်တွင် ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့ ညပိုင်းကစတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး ယနေ့ဒီဇင်ဘာလ (၃)ရက်နေ့ နံနက်ပိုင်းကစတင်ကာ စစ်ကောင်စီတပ်က လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

"လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေတာ မနက်ကတည်းကပဲ။ လူတွေအိမ်ထဲကနေ အိမ်ပြင်မထွက်ရဲဘူး။ ပိတ်မိနေတာ။ တော်လှန် ရေးတပ်တွေဘက်က ညကတည်းက ဒရုန်းနဲ့ချတယ်။ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ပစ်တယ်။ မနက်ကျတော့ လေယာဉ်ပစ်ကူလာတာ။"ဟု မုန်းမြို့ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

KNLA ပူးပေါင်းတပ်များက စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့နေ့လယ်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။

"တစ်မြို့လုံးတိုက်ပွဲဖြစ်နေတာ။ မုန်းမြို့က ကျဉ်းကျဉ်းလေး။ ဖုန်းလိုင်းလည်း MPT တစ်ခုတည်းပဲရတော့တယ်။ ဝင်ပေါက်၊ ထွက်ပေါက်တွေ အကုန်ပိတ်သွားပြီ။ မြို့ထဲကလူတွေကို အပြင်မထွက်ခိုင်းသေးတာက စစ်ကောင်စီဘက်က လေယာဉ်နဲ့လာပစ်ရင် ထိမှာစိုးလို့ တော်လှန်ရေးတပ်တွေက အပြင်မထွက်ခိုင်းသေးတာ။ အခုအပျက်အစီးကို မသိရသေးဘူး။"ဟု ဒေသခံတစ်ဦးက ပြောသည်။

မုန်းမြို့ရှိ စစ်ကောင်စီတပ်စစ်ဆေးဂိတ်၊ ရဲစခန်းတို့ကို KNLA ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်နေခြင်းဖြစ်သည်ဟုလည်း သိရသည်။

#TachileikNewsAgency