မန္တလေးအကျဉ်းထောင်(အိုးဘို)အတွင်း နိုင်ငံရေး အကျဉ်းသူများ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ NUG က သတင်းထုတ်ပြန်

မန္တလေးအကျဉ်းထောင်(အိုးဘို)အတွင်း နိုင်ငံရေး အကျဉ်းသူများ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ NUG က သတင်းထုတ်ပြန်
ဖေဖော်ဝါရီ 12, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးအကျဉ်းထောင်(အိုးဘို)အတွင်း နိုင်ငံရေးအကျဉ်းသား အမျိုးသမီး အိပ်ဆောင်ထဲသို့ ထောင်ဝန်ထမ်းနှင့် စည်းကမ်းထိန်း အကျဉ်းသား အမျိုးသား(၁၅၀)ဝန်းကျင် ဝင်ရောက် ကြမ်းဖက်ရိုက်နှက်ခဲ့မှုနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယနေ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အဆိုပါ ဖြစ်စဉ်မှာ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့၏ ညနေ(၃)နာရီ (၅၀)မိနစ်ဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်ကြောင့် နိုင်ငံရေးအကျဉ်းသူ (၁၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိသလို (၂၁)ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

အကျဉ်းသူများကို ရိုက်နှက်ခြင်း၊ လေးခွဖြင့် ပစ်ခတ်ခြင်း၊ အစားအသောက်များနှင့်ပစ္စည်းများကို ဖျက်ဆီးခြင်း နှင့် ဝတ်ထားသော အင်္ကျီများကို ဆွဲဖြဲခြင်း၊ ပုဆိုးလှန်ပြခြင်း၊ မျက်နှာများကို ဖိနပ်ဖြင့် နင်းထားကာ လေးခွဖြင့် ထုခြင်း နှင့် ရေနွေးပူဖြင့် ပက်ခြင်းများ လုပ်ဆောင်ကြောင်း သိရသည်။