လောက်ကိုင်တွင် အရပ်သားများထံ လက်နက်ကြီးကျရောက်မှု စစ်ကောင်စီပစ်ခတ်ခြင်းဖြစ်ဟု MNDAA ဆို၊ အရပ်သား ၁၀ ဦးထက်မနည်းသေဆုံး

လောက်ကိုင်တွင် အရပ်သားများထံ လက်နက်ကြီးကျရောက်မှု စစ်ကောင်စီပစ်ခတ်ခြင်းဖြစ်ဟု MNDAA ဆို၊ အရပ်သား ၁၀ ဦးထက်မနည်းသေဆုံး
နိုဝင်ဘာ 22, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့အထွက်တွင် ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အရပ်သားများ ထိခိုက်သေဆုံးသူများခဲ့ပြီး အဆိုပါလုပ်ရပ်သည် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးဖြစ်ကြောင်း MNDAAဘက်က တုန့်ပြန်ပြောဆိုသည်။

လောက်ကိုင်မြို့အထွက် (၁၀)တန်ဂိတ်တွင် ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ပြီးနောက် ကျားခြံရုံနှင့် ဖရဲသီးဆီဆိုင်ကြား လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကာ အရပ်သားများ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ပြီး ဒေသခံတချို့ကမူ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲသည်ဟု ပြောဆိုကြသည်။

“ဒီနေ့မနက်တော့ လောက်ကိုင်မြို့ရဲ့အပြင်ဘက်မှာ နှစ်ဦးနှစ်ဘက် တိုက်ပွဲတွေဖြစ်ကြတာပေါ့နော်။ အဲဒီတိုက်ပွဲဖြစ်တဲ့နေရာကို လောက်ကိုင် ဒစက(လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်)ကနေ လက်နက်ကြီးနဲ့ထုလို့ မြို့ တွင်းမှာ သွားကျတာပါဗျ။ ကားရဲ့ဓာတ်ပုံကို သွားကြည့်လိုက်ပါ။ အဲဒီလောက်အထိ ပြာကျသွားရလောက်အောင် ပြင်းတဲ့ လက်နက်ကြီးတော့ ကျွန်တော်တို့ဘက်မှာ မရှိဘူးဗျ။ စစ်ကောင်စီဘက်မှာပဲရှိပါတယ်ဗျ၊ ဒီလိုလက်နက်ကြီး။”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝေက Tachileik News Agencyကိုပြောသည်။

အဆိုပါလက်နက်ကြီးကြောင့် ကားတစ်စီးလုံး ပျက်စီးသွားကာ အရပ်သားအများအပြား ထိခိုက်သေဆုံးခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ထားပြီး စာရင်းအတိတကျကိုမူ မသိရသေးသော်လည်း ဒေသခံများ၏ ပြောကြားချက်အရ (၁၀)ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency