ရှမ်းမြောက်တွင် အပစ်ရပ်စဲရေး သဘောတူညီမှု သတင်းထွက်လာသော်လည်း လားရှိုးဒေသခံများ တိမ်းရှောင်နေဆဲ

ရှမ်းမြောက်တွင် အပစ်ရပ်စဲရေး သဘောတူညီမှု သတင်းထွက်လာသော်လည်း လားရှိုးဒေသခံများ တိမ်းရှောင်နေဆဲ
ဇန်နဝါရီ 12, 2024 | 2021 Military Coup| ရှမ်းမြောက်

မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ယာယီအပစ်ရပ်လိုက်သော်လည်း လားရှိုးမြို့ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေဆဲဟု ဒေသခံများထံမှ သိရသည်။

“လိုင်းပေါ်တင်ထားတဲ့သတင်းတွေတင်လိုက် စိတ်ချသွားလိုက် အဲဒီလိုပဲလေ။ ကျွန်မတို့လည်း စစ်ရှောင်ရင်းနေနေတာ။ လားရှိုးကနေထွက်သွားတဲ့သူတွေလည်း ထွက်သွားနေကြတာပဲ။ ဒေသခံတွေ စိုးရိမ်စိတ်တော့ လျော့သွားတာတော့ရှိတယ်။ လားရှိုးဖက်ကို ပြန်ဝင်လာတာမျိုးတော့ မတွေ့ဘူး။ အခုက လားရှိုးမြို့တွင်းမှာ ပုံမှန်ပဲ သွားလာနေကြတာပဲ။”ဟု လားရှိုးမြို့မှ ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၁၀)ရက်နေ့ကစတင်ကာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည့် ညီနောင်မဟာမိတ်(၃)ဖွဲ့နှင့် စစ်ကောင်စီတို့ တတိယအကြိမ် ဆွေးနွေးပွဲတွင် ယာယီအပစ်ရပ်ရန် သဘောတူလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

လက်တလောထွက်ပေါ်လာသည့် သတင်းများအရ နှစ်ဖက်တပ်များ ရောက်သည့်နေရာတွင်ရပ်ပြီး ရှေ့မတိုးဘဲ အပစ်ရပ်ရန်၊ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများဆက်မလုပ်ရန်၊ လေကြောင်းဗုံးကြဲခြင်းများမလုပ်ရန်နှင့် တိုက်ပွဲ အခြေအနေများအပေါ်မူတည်ပြီး နယ်စပ်ကုန်သွယ်ရေးဇုန်များ ပြန်ဖွင့်ရန် သဘောတူညီမှုရသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် TNLAနှင့် MNDAA သိမ်းပိုက်ရရှိထားသည့် မြို့နှင့် စခန်းများကို လာရောက်ဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ယနေ့တွင် မရှိတော့သော်လည်း မိုးကုတ်နှင့် ကျောက်မဲမြို့တို့တွင် လေယာဉ်မှ ဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းများ ရှိနေသေးသည်ဟု TNLAရှေ့တန်းရောက် ရဲဘော်များက ဆိုသည်။

“မိုးကုတ်ဖြူရောင်ကနေ အထက်ညောင်ကုန်းကို ဒီနေ့မနက် (၁၀)နာရီခွဲကျော်မှာ (၅)ကြိမ်ပစ်တယ်။ ကျောက်မဲကနေ ပန်ပုတ်ကျေးရွာကို နေ့လည်(၁၂)နာရီကျော်မှာ (၃)ကြိမ်ပစ်သွားတယ်။ ပန်ပုတ်ရွာက ဒေသခံတစ်ဦးထိထားတယ်။”ဟု TNLA ရဲဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း (၃၀၀)ဝန်းကျင်နှင့် ကိုးကန့်ဒေသ၊ တအာင်းဒေသများမှ မြို့ပေါင်း(၂၀)ဝန်းကျင်ကို TNLAနှင့် MNDAA တပ်များက သိမ်းပိုက်ထားသည်။

ယနေ့ကျရောက်သည့် (၆၁)နှစ်မြောက် တအာင်းအမျိုးသားလွတ်မြောက်ရေးတော်လှန်ရေးနေ့အတွက် TNLA ၏ ထုတ်ပြန်ချက်တွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ဖယ်ရှားကာ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ရည်မှန်းချက်ပန်းတိုင်မရောက်မချင်း တော်လှန်တိုက်ပွဲဝင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency