နွေဦးတော်လှန်ရေးကာလအတွင်း အတည်ပြုရန်လိုအပ်နေသည့် သတ်ဖြတ်ခံရသူ ၁၀၀၀ ဝန်းကျင်ရှိနေသည်ဟု AAPP ထုတ်ပြန်

နွေဦးတော်လှန်ရေးကာလအတွင်း အတည်ပြုရန်လိုအပ်နေသည့် သတ်ဖြတ်ခံရသူ ၁၀၀၀ ဝန်းကျင်ရှိနေသည်ဟု AAPP ထုတ်ပြန်
ဖေဖော်ဝါရီ 20, 2024 | 2021 Military Coup| အခြားဒေသများ

နွေဦးတော်လှန်ရေးကာလအတွင်း စုံစမ်းနေဆဲ အတည်ပြုရန်လိုအပ်နေသည့် သတ်ဖြတ်ခံရသူ လူ(၁၀၀၀)ဝန်းကျင်ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်‌နေ့မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့အထိ စစ်အုပ်စုနှင့် ၎င်း၏ လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၄၅၆၆)ဦးရှိပြီဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆,၁၆၀)ဦးရှိပြီး ယင်းအထဲမှ (၂၀,၁၅၆)ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈,၇၈၉)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု သိရသည်။

ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၆,၀၀၄)ဦး ရှိသည်ဟုလည်း သိရသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း(၁၂၁)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃)ဦး အပါအဝင် (၁၁၉)ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရသဖြင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၄)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိန်းဂဏန်းအရေအတွက်များသည် AAPPမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်သည်ဟုလည်း သိရသည်။

#TachileikNewsAgency