ပြင်ဦးလွင်မြို့အနီး တိုက်ပွဲဖြစ်နေခြင်းကြောင့် DSTA ကပ်လျက် မိုးကြိုးပစ်ရပ်ကွက်ကို စစ်ကောင်စီတပ်စွဲ၊ တပ်မိသားစုဝင်များ မန္တလေးသို့ပြေး

ပြင်ဦးလွင်မြို့အနီး တိုက်ပွဲဖြစ်နေခြင်းကြောင့် DSTA ကပ်လျက် မိုးကြိုးပစ်ရပ်ကွက်ကို စစ်ကောင်စီတပ်စွဲ၊ တပ်မိသားစုဝင်များ မန္တလေးသို့ပြေး
ဇန်နဝါရီ 9, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ စစ်ကောင်စီတပ်၏ DSTA ကျောင်းအနီးရှိ မိုးကြိုးပစ်ရပ်ကွက်ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့တွင် အင်အားဖြည့်တပ်စွဲကာ ဒေသခံများအား ပြောင်းရွှေ့ခိုင်းနေပြီး တပ်မိသားစုဝင်များလည်း မန္တလေးသို့‌ပြေးပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ် ခံစစ်ပြင်ထားသည့် ကျောက်မဲလေးနှင့် မဲတောကျွန်းတိုင်ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေရာ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် စစ်ကောင်စီတပ်က ပြင်ဦးလွင်မြို့အစွန် DSTAနှင့်ကပ်လျက် တိုက်ပွဲဖြစ်ပွားရာနေရာအနီးရှိ မိုးကြိုးပစ်ရွာကို အင်အားတိုးကာ ဝင်ရောက်တပ်စွဲနေခြင်းဖြစ်သည်ဟု သိရသည်။

"စကစတွေက မိုးကြိုးရွာမှာ အင်အားဖြည့်တင်းမှုတွေအမြောက်အများလုပ်ဆောင်နေပြီ။ တိုက်ပွဲကလည်း အရမ်းကပ်နေပြီ။ အချိန်မရွေးဖြစ်သွားနိုင်ပါတယ်။ စကစတွေက ရွာတွေမှာအထိုင်ချပြီး ရွာသားတွေကို ပြောင်ရွှေ့ခိုင်းတာ။"ဟု မေမြို့ပင်မ အထွေထွေသပိတ် အင်အားစုမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

မိုးကြိုးပစ်ရပ်ကွက်သည် DSTAအနီးတွင်ရှိပြီး လက်ရှိတိုက်ပွဲဖြစ်နေသည့် ကျောက်မဲလေးနှင့် မဲတောကျွန်းတိုင်တို့နှင့်လည်း နီးသည်ဟု ဒေသခံများက ပြောသည်။

"အရင်ကတော့ မိုးကြိုးပစ်ကရွာ၊ အခုတော့ ရပ်ကွက်ဖြစ်သွားပြီ။ ပြင်ဦးလွင်မြို့အတွင်းပိုင်ဖြစ်တာ‌ပေါ့။ DSTAဘေးပဲ။ ပြင်ဦးလွင်မြို့ပေါ့။ အခုက တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့ မိုးကြိုးပစ်က မဝေးတော့ဘူး။ သေနတ်သံတွေကြားနေရတာ။ အခုမနက်ဆို ပြင်ဦးလွင်ကနေ မန္တလေးဘက်ကို စစ်ကား(၄)စီးနဲ့ တပ်မိသားစုတွေ ပြေးကုန်ပြီ။"ဟု ပြင်ဦးလွင်မြို့မှ ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ကျောက်မဲလေးရွာ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ(၆)ရက်နေ့က တအောင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော်(TNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မန္တလေး) ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၃)ရက်နေ့က နောင်ချိုမြို့နယ် သံဘိုရွာရှိ စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကျောက်မဲလေးရှိ စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်။

#TachileikNewsAgency