KNU ၏ ထိန်းချုပ်နယ်မြေအတွင်း အာဏာသိမ်းစစ်တပ်၏ နယ်ကျော် စစ်ရေး လှုပ်ရှားမှုကြောင့် စစ်ဘေးတိမ်းရှောင် ပြည်သူ (၅၀,၀၀၀)ကျော်ရှိ

Photo: 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻
Photo: 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻
KNU ၏ ထိန်းချုပ်နယ်မြေအတွင်း အာဏာသိမ်းစစ်တပ်၏ နယ်ကျော် စစ်ရေး လှုပ်ရှားမှုကြောင့် စစ်ဘေးတိမ်းရှောင် ပြည်သူ (၅၀,၀၀၀)ကျော်ရှိ
ဇန်နဝါရီ 13, 2022 | အခြားဒေသများ

KNU ၏ ထိန်းချုပ်နယ်မြေအတွင်း နယ်ကျော် ထိုးစစ်ဆင်နေသည့် အာဏာသိမ်းစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုကြောင့်  ဒေသခံ (၅၀,၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း KNU က ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

 

KNU ၏ ထိန်းချုပ်နယ်မြေအတွင်း ဒူးသထူခရိုင်၊ ညောင်လေးပင်ခရိုင် ၊ ဘိတ်ထားဝယ်ခရိုင်၊ မူတြော်ခရိုင် နှင့် ဒူးပလာယာခရိုင်စသည့် ခရိုင်များအတွင်းမှ စစ်ဘေးရှောင် ပြည်သူ(၅၀,၀၀၀)ကျော်သည် အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အပါအဝင် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် နေအိမ်ကိုစွန့်ခွာ၍ တောအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် အစားအစာ၊ အဝတ်အထည်၊ စောင်နှင့် ခြင်ထောင်များ လိုအပ်နေကြောင်း  သိရသည်။

 ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်မှ ယခု အချိန်အထိ KNU ထိန်းချုပ်နယ်မြေအတွင်းသို့ အာဏာသိမ်း စစ်တပ်များက နယ်ကျော်  စစ်ရေးလှုပ်ရှားမှု ပိုမိုလုပ်ဆောင်နေသည့်အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများကို နေ့စဉ်လုပ်ဆောင်နေခြင်း‌ကြောင့် KNU နှင့် တိုက်ပွဲများဖြစ်နေခြင်း ဖြစ်ကြောင်း KNU က ထုတ်ပြန်ထားသည်။

ယင်းသို့ တိုက်ပွဲဖြစ်ပွားပါက အာဏာသိမ်းစစ်ကောင်စီ၏ တပ်များသည် ပြည်သူများ နေထိုင်ရာ အရပ်များသို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းကြောင့် ဇန်နဝါရီလ (၁)ရက်မှ (၁၃)ရက်အထိ လက်နက်ကြီးကျည်ထိမှန်ကာ ပြည်သူ (၄)ဦး သေဆုံးခဲ့ရပြီး (၁၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဒါ့အပြင် ဇန်နဝါရီလ(၁)ရက်မှ (၁၃)ရက်အတွင်း အာဏာသိမ်းစစ်ကောင်စီသည် လေယာဉ်ဖြင့် ဒွယ်လိုးမြို့နယ်အတွင်းသို့ (၃)ကြိမ် နှင့် ကော့ကရိတ်မြို့နယ်အတွင်းသို့ (၁)ကြိမ် လာရောက်ပစ်ခတ်ခဲ့ရာ  ပြည်သူ (၁)ဦးသေဆုံးပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိသည့်အပြင်  နေအိမ် (၅)လုံးနှင့် ဆေးပေးခန်းများ ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်များနှင့် KNU ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ရင်း ၂၂၄ နှင့် ၂၈၀ မှ ဝက်ကျေးရွာမှ  နေအိမ် (၅) လုံးကို မီးရှို့ ဖျက်ဆီးခဲ့သည်ဟု သိရသည်။

 

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီတပ်များသည် လယ်မူလားမြို့နယ်၊ ကနီကျေးရွာမှ ပြည်သူ (၁၁)ဦးကို ဖမ်းဆီးကာခြိမ်းခြောက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလဆန်းကစပြီး ပြင်းထန်လာသည့် တိုက်ပွဲများကြောင့် လူဦးရေ ၁၈၁,၄၀၀ ကျော်သည် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု United Nations OCHA Myanmar မှ ထုတ်ပြန်ထားသည်။