နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲသဖြင့် ကျောင်းဆရာမများအပါဝင် ၅ ဦးသေဆုံး

နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲသဖြင့် ကျောင်းဆရာမများအပါဝင် ၅ ဦးသေဆုံး
ဇန်နဝါရီ 7, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာကို ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံအရပ်သား (၅)ဦး သေဆုံးကြောင်း TNLAထံမှ သိရသည်။

စစ်ကောင်စီတပ်သည် တိုက်လေယာဉ်ဖြင့် (၂)ကြိမ် ဗုံး(၅)လုံး ကြဲချခဲ့ရာ စာသင်ကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး TNECကျောင်းဆရာမ (၃)ဦးအပါအဝင် အရပ်သား(၅)ဦး သေဆုံးပြီး ဒေသခံ (၆)ဦး ဒဏ်ရာပြင်းထန်ခဲ့ကာ နေအိမ်(၇)လုံးလည်း ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

ကွတ်ခိုင်မြို့နယ် ဟိုကျန့်၊ ပန်ကူ၊ ပန်ဆေး၊ လွယ်ဆိုင်၊ လွယ်အွန်းကျေးရွာကိုလည စစ်ကောင်စီတပ်က Y12 လေယာဥ်ဖြင့် (၉)ကြိမ် ဗုံး (၅၉)လုံးလာရောက်ကြဲချရာ ဘုန်းကြီးကျောင်း (၁)ကျောင်း၊ သီလရှင်ကျောင်း (၁)ကျောင်းနှင့် လူနေအိမ် (၂)လုံး ပျက်စီးခဲ့ ကြောင်း သိရသည်။

ကျောက်မဲလေးကျေးရွာသို့ Mi35 ဖြင့် (၅)ကြိမ်၊ Jet Fighter ဖြင့် (၆)ကြိမ်၊ ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံး (၂)လုံးလာရောက်ကြဲချခဲ့ရာ နေအိမ်(၃)လုံး မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

ယနေ့တွင် မိုးမိတ်မြို့နယ် မြစ်ဆုံ၌  စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောင်ချိုမြို့နယ် ကျောက်မဲလေးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLAပူးပေါင်း MDY PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

မိုးမိတ်မြို့နယ် စစ်ကောင်စီတပ်မှ စင့်ကင်(ကျန်ကန်)ကျေးရွာ၊ အထက်ညောင်ကုန်းကျေးရွာသို့ လက်နက်ကြီးဖြင့် (၃၄)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လားရှိုးမြို့နယ် စစ်ကောင်စီ (၆၈)ဂိတ်တပ်မှ ဟိုလောင်ကျေးရွာ၊ ပန်ဖတ်ကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် (၅၀)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency