မုံရွာတွင် တိုက်ပွဲဖြစ်ပြီး ထွက်ပြေးလာသည့် စစ်ကောင်စီတပ် လက်အောက်ခံ တပ်ကြပ်ကြီးတစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

Photo: အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် - ADPRA
Photo: အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် - ADPRA
မုံရွာတွင် တိုက်ပွဲဖြစ်ပြီး ထွက်ပြေးလာသည့် စစ်ကောင်စီတပ် လက်အောက်ခံ တပ်ကြပ်ကြီးတစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ
နိုဝင်ဘာ 10, 2023 | 2021 Military Coup| အခြားဒေသများ

 စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(ADPRA)ထံမှ သိရသည်။

 ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၉)ရက်နေ့ ညနေပိုင်းက မုံရွာအခြေစိုက် နမခစစ်ဌာနချုပ်မှ ထွက်လာသော အင်အား(၂၇)ဦးပါ စစ်‌ကောင်စီတပ်အား အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (ADPRA)နှင့် ဒေသခံကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့ ပူးပေါင်း၍ ခိုသန်းရွာအနီးတွင် တိုက်ခိုက်ခဲ့‌ကြောင်း သိရသည်။



အဆိုပါ စစ်ကောင်စီတပ်၏ စစ်ကြောင်းကို တော်လှန်ရေးတပ်များက ဝိုင်းဝန်းပစ်ခတ်ပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အထိနာကာ ထွက်ပြေးသွားကြရာက လူစုကွဲထွက်ပြေးလာသည့် ၎င်းစစ်ကြောင်း၏ မုံရွာအခြေစိုက် အမှတ် (၇၄၇) စစ်လက်နက်ပစ္စည်း တပ်ခွဲမှ တပ်ကြပ်ကြီး အောင်ဝင်းကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မုံရွာမြို့နယ်၊ မန်ကျည်းကုန်းကျေးရွာအနီးတွင် ကင်းလှည့်နေသော  အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(ADPRA)နှင့် ဒေသ ခံကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က ညပိုင်းတွင် ၎င်းကို MA11 အမျိုးအစား မောင်းပြန်သေနတ်တစ်လက်နှင့်အတူ  ဖမ်းဆီးရမိခဲ့ပြီး နိုင်ငံတကာစစ်သုံပန်းဥပဒေနှင့်အညီထားကာ သက်ဆိုင်ရာမြို့နယ်အဖွဲ့အစည်းထံ ပို့ဆောင်ထားကြောင်း သိရသည်။