နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ပြင်းထန်သည့် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူပေါင်း (၁၀၀)ကျော် ဒဏ်ရာရပြီး (၆)ဦး သေဆုံး

နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ပြင်းထန်သည့် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူပေါင်း (၁၀၀)ကျော် ဒဏ်ရာရပြီး (၆)ဦး သေဆုံး

 နေပြည်တော်၊ လယ်ဝေးမြို့နယ် ကျေးရွာအုပ်စု(၅)စုတွင် ပြင်းထန်သည့် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂၃၀)ကျော် ပျက်စီးပြီး လူပေါင်း (၁၀၉)ဦး ဒဏ်ရာရရှိပြီး (၆)ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်အတွင်း  ရွှေဟင်္သာကျေးရွာအုပ်စု၊ တံတားဦးကျေးရွာနှင့် ကံသာကျေးရွာအုပ်စု၊ အောင်မြင်ကုန်းကျေးရွာတို့ ၂၀၂၃ခုနှစ် ဧပြီလ(၂၁)ရက်နေ့ ည(၆)နာရီဝန်းကျင်အချိန်က စပြီး ပြင်းထန်သည့် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် တံတားဦးကျေးရွာမှ အမျိုးသမီး(၂)ဦး၊ အောင်မြင်ကုန်းကျေးရွဦမှ အမျိုးသား(၂)ဦး နှင့် အမျိုးသမီး(၂)ဦး စုစုပေါင်း (၆)ဦး သေဆုံးသွားခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများအနေဖြင့် တံတားဦးကျေးရွာတွင် (၄၈)ဦး ဒဏ်ရာရရှိပြီး (၁၆)ဦးမှာ စိုးရိမ်ရကြောင်း နှင့် အောင်မြင်ကုန်းကျေးရွာတွင် (၆၁)ဦး စုစုပေါင်း (၁၀၉)ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို လယ်ဝေးမြို့နယ်ကုတင် (၁၀၀)ဆံ့ဆေးရုံနှင့် ဇမ္ဗူသီရိမြို့နယ်ကုတင်(၁၀၀၀)ဆံ့ဆေးရုံများသို့ လူမှုရေးအသင်းအဖွဲ့များက ကူညီပို့ဆောင်ပေးထားရကြောင်းသိရသည်။

လေဆင်နှာမောင်းကြောင့် တံတားဦးကျေးရွာတွင် အိမ်ခြေ(၇၇)လုံးနှင့် အောင်မြင်ကုန်းကျေးရွာတွင် အိမ်ခြေ(၁၅၅)လုံး စုစုပေါင်း အိမ်ခြေ(၂၃၂)လုံး ပျက်စီးသွားခဲ့ရကြောင်း သိရသည်။



လယ်ဝေးမြို့နယ်မီးသတ်စခန်း၊ လွေး(အမြန်လမ်း)မီးသတ်စခန်းနှင့် ဒက္ခီဏသီရိမြို့နယ်မီးသတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ညတွင်းချင်း ကူညီဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

#TachileikNewsAgency

Photo: MFSD, CJ