နမ့်ခမ်းမြို့ စခန်းသစ်ကုန်းအတွက် စစ်ကူလာသည့် ဗိုလ်မှူးပါ ၄ ဦး ဖမ်းဆီးခံရ၊ လက်နက်ခဲယမ်း အများအပြား TNLA သိမ်းဆည်း

နမ့်ခမ်းမြို့ စခန်းသစ်ကုန်းအတွက် စစ်ကူလာသည့် ဗိုလ်မှူးပါ ၄ ဦး ဖမ်းဆီးခံရ၊ လက်နက်ခဲယမ်း အများအပြား TNLA သိမ်းဆည်း
ဒီဇင်ဘာ 16, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ စခန်းသစ်ကုန်း မကျဆုံးရေးအတွက် စစ်ကောင်စီတပ်မှ ပို့ဆောင်ခဲ့သော စစ်ကူများကို တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော် (TNLA)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများအပြင် စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိခဲ့ကြောင်း TNLAထံမှ သိရသည်။

TNLA က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ဗိုလ်ကြီးအဆင့် အလောင်းများနှင့် ဗိုလ်မှူးအဆင့် အပါအဝင် စစ်သုံ့ပန်းများ ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် စစ်ကောင်စီတပ်မှ စခန်းသစ်ကုန်းဘက်သို့ စစ်ကူပေးရန် နမ့်ခမ်းမြို့နယ်၊ နောင်ကောင်ကျေးရွာ သင်္ချိုင်းကုန်းနှင့် ကွန်လုံကျေးရွာဘောလုံးကွင်းဘက်တွင် ရဟတ်ယာဥ်ဖြင့် စစ်ကူလူအင်အား (၁၀၀)နီးပါးဖြင့် (၃)ကြိမ် လာရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်မှ ပို့ဆောင်လိုက်သော စစ်ကူလူအင်အားများကို TNLAက ယမန်နေ့ ဒီဇင်ဘာလ (၁၅)ရက်နေ့ထိ လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဖရိုဖရဲဖြစ်ပြီး အကျအဆုံးများခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ထံမှ ပစ္စတို(၂)လက်၊ လက်နက်မျိုးစုံ (၃၈)လက်၊ ကျည်ဆံမြောက်များစွာ၊ ဆက်သွယ်ရေးစက်၊ ဗိုလ်ကြီးအဆင့်ပါ အလောင်းများစွာနှင့် စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ 

ဖမ်းဆီရမိခဲ့သော စကခ-၇၊ အမှတ် (၄၂၆) စစ်သုံ့ပန်းများမှာ ဗိုလ်မှူး မောင်စိုင်းကျော်သူအောင်၊ တပ်ကြပ်ကြီး မျိုးမင်းသန့်၊ တပ်သား အောင်မျိုးခိုင်၊ တပ်သား ကောင်းထက်ဇော် တို့ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ စခန်းသစ်မကျဆုံးရေးအတွက် စစ်ကူလူအင်အားများ ပို့ဆောင်ခြင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းဖြင့် နေ့စဥ်ရာချီ အသုံးပြုတိုက်ခိုက်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo:PSLF/TNLA News