အာဏာသိမ်းစစ်ခေါင်းဆောင်က ၎င်းတို့အကြမ်းဖက်လုပ်ရပ်များကို တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးအဖွဲ့အစည်းများထံ ပုံချ

အာဏာသိမ်းစစ်ခေါင်းဆောင်က ၎င်းတို့အကြမ်းဖက်လုပ်ရပ်များကို တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးအဖွဲ့အစည်းများထံ ပုံချ
ဇန်နဝါရီ 1, 2024 | 2021 Military Coup

အာဏာသိမ်းစစ်ခေါင်းဆောင်က ၎င်းတို့အကြမ်းဖက်လုပ်ရပ်များကို တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးအဖွဲ့အစည်းများကြောင့်ဟုဆိုကာ ၂၀၂၄ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုလာသည်။

တိုင်းရင်းသားပြည်သူတရပ်လုံးက ဆန့်ကျင်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်အတွင်း တွေ့ကြုံခဲ့ရသည့် အခက်အခဲအချို့နှင့် စိန်ခေါ်မှုများကို နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားပြည်သူအားလုံးလက်တွဲပြီး အောင်မြင်စွာရင်ဆိုင်ကျော်လွှားနိုင်ခဲ့သည်ဟု ဆိုသည်။

ဒီမိုကရေစီအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး မြို့၊ ရွာများကိုမီးရှို့၊ လက်နက်ကြီးနှင့်ပစ်ခတ်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီမိုကရေစီနည်းလမ်းတကျနှင့် ငြိမ်းချမ်းစွာ နိုင်ငံတိုးတက်ရေးအတွက် ဆန္ဒမရှိသူများက ပြည်သူ၊ ပြည်သားများကို နည်းမျိုးစုံနှင့် နှောင့်ယှက်ခဲ့ကြသည့်အပြင် အဖျက်လုပ်ငန်းအမျိုးမျိုးကြောင့် နိုင်ငံပိုင်၊ ပြည်သူပိုင်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုသည် တိုင်းပြည်အတွက် အနှုတ်လက္ခဏာဖြစ်သည်ဟု ဆိုသည်။

“ဒါတွေသာမရှိခဲ့၊ မဖြစ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့နိုင်ငံဟာ များစွာကို တိုးတက်နေမှာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် သင်ခန်းစာပါ။”ဟု မင်းအောင်လှိုင်က ပြောသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်အတွင်း ချမှတ်ထားသည့် အမျိုးသားရေးရည်မှန်းချက်များ၊ နိုင်ငံရေးရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အောင်မြင်စွာအကောင်အထည်ဖော်ရန် ပြည်သူလူထုနှင့်လက်တွဲပြီး ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

တစ်နိုင်ငံလုံး စစ်ကောင်စီကို တော်လှန်နေချိန် သန်းခေါင်းစာရင်းကို ၂၀၂၄ ခုနှစ်အတွင်း ကောက်ယူသွားမည်ဖြစ်ပြီး စစ်ကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် ရွေးကောက်ပွဲဖြစ်ပေါ်စေရေးအတွက် မဲစာရင်းများ မှန်ကန်ပြည်စုံစေရေးတွင်လည်း အသုံးပြုသွားမည်ဖြစ်ခြင်းကြောင့် တိုင်းရင်းသားနှင့် ပြည်သူများက သန်းခေါင်းစာရင်းကောက်ယူရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ပေးကြရန်လည်း စစ်ခေါင်းဆောင်က တိုက်တွန်းသည်။ 

ထို့အပြင် ဘာသာရေး၊ လူမျိုးရေးဝါဒမှိုင်းတိုက်ခဲ့ပြီး အရပ်သားများအား သတ်ဖြတ်နေသည့် စစ်ခေါင်းဆောင်က လူမျိုးရေး၊ ဘာသာရေး၊ ဒေသအရေး အစွဲများကင်းဝေးခြင်းနှင့်အတူ တစ်ဦးအပေါ်တစ်ဦး ကိုယ်ချင်းစာတရား၊ မုဒိတာတရား၊ မေတ္တာတရားများထားရန်လည်း ပြောဆိုသည်။

#TachileikNewsAgency