တိုက်ပွဲပြင်းထန်နိုင်၍ မြန်မာ - ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းရှိ ထုံခါ- မောတောင်လမ်းပိုင်း ယာယီပိတ်

တိုက်ပွဲပြင်းထန်နိုင်၍ မြန်မာ - ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းရှိ ထုံခါ- မောတောင်လမ်းပိုင်း ယာယီပိတ်
By Tachileik News Agency

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင်းရှိ ထုံခါ-မောတောင် နယ်စပ်သွယ်ရေးလမ်းတွင် ဖြစ်ပွားနေသည့်တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်၍ ၂၀၂၃ ခုနှစ် မတ်လ (၃၁)ရက်နေ့မှစ၍ ယာယီပိတ်မည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ-မြိုတ်ခရိုင် တပ် ရင်း ၂ က သတင်းထုတ်ပြန်သည်။



နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် မြိတ်-တနင်္သာရီ-မောတောင်လမ်းရှိ ထုံခါ - မောတောင်လမ်းပိုင်းတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေရာ စစ်ကောင်စီတပ်က လမ်းပိုင်းအသုံးပြုသူများကို အကြောင်းမဲ့ပစ်ခတ်ခြင်းများရှိနေသည့်အပြင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်၍ အဆိုပါလမ်းပိုင်းအား ယာယီပိတ်မည်ဟု ကြေညာထားသည်ဟု တွေ့ရသည်။



လက်ရှိ စစ်ရေးအခြေအနေအရ မြိတ်-တနင်္သာရီ-မောတောင် ကားလမ်းမကြီးတွင် သွားလာနေသည့် ပြည်သူများအနေဖြင့် သတိထား သွားလာကြရန်နှင့် စစ်ကောင်စီ၏ ယာဉ်တန်းများရှိပါက အနီးကပ်ပြီး သွားလာခြင်းမပြုလုပ်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်များက အသိပေးမေတ္တာရပ်ခံထားသည်။



မြိတ် - မောတောင်လမ်းတွင် ၂၀၂၃ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့ နှင့် (၂၉)ရက်တို့တွင်လည်း စစ်ကောင်စီ၏ ခလရ ၄၃၁၊ ၁၀၁၊ ၁၇၊ ၅၅၈ တပ်တို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတို့ ချောင်းနှစ်ပေါက်ကျေးရွာ၊ မြစ်ကူးတံတားအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့သည်။