အာဏာသိမ်းစစ်ကောင်စီတပ်က KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း အရပ်သားနေရာများကိုပါမချန် တစ်လအတွင်း လေကြောင်းမှ ၅၇ ကြိမ်တိုက်ခိုက်

အာဏာသိမ်းစစ်ကောင်စီတပ်က KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း အရပ်သားနေရာများကိုပါမချန် တစ်လအတွင်း လေကြောင်းမှ ၅၇ ကြိမ်တိုက်ခိုက်
By Tachileik News Agency

အာဏာသိမ်းစစ်ကောင်စီတပ်က KNU ၏ ကော်သူးလေအုပ်ချုပ်နယ်မြေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁)လတာအတွင်း လေကြောင်းမှ (၅၇)ကြိမ်တိုက်ခိုက်ပြီး ဗုံးအလုံးရေ (၂၀၀)ကျော် ကြဲချခဲ့ကြောင်း KNU ဗဟို၏ ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

KNU (ကရင်အမျိုးသားအစည်းအရုံး) ကော်သူးလေအုပ်ချုပ်နယ်မြေ မူတြော်ခရိုင် တပ်မဟာ (၅) နှင့် ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က ဇန်နဝါရီလ တစ်လတာအတွင်း တိုက်ခိုက်ရေးသုံး လေယာဉ်များ၊ ရဟတ်ယာဉ်များကိုအသုံးပြုပြီး တိုက်ခိုက်ရာတွင် ပြည်သူလူထုနေထိုင်သည့် ကျေးရွာနှင့် လုပ်ငန်းခွင်များပါ တိုက်ခိုက်ခံရကြောင်း သိရသည်။

ယင်းသို့တိုက်ခိုက်ခံရမှုများကြောင့် နှစ်ခြင်းခရစ္စယာန် သင်းအုပ်ဆရာ (၁) ဦး၊ ကက်သလစ်ခရစ္စယာန်ဓမ္မဆရာ (၁) ဦး နှင့် အသက် (၂) နှစ်အရွယ် ကလေးငယ် (၁) ဦးတို့အပါအဝင် အရပ်သား (၁၃) ဦးသေဆုံးခဲ့ရပြီး အသက် (၄) နှစ်အရွယ်ကလေးငယ် (၁) ဦးအပါအဝင် အရပ်သား (၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူလူထု၏ နေအိမ် (၃၃)လုံးမီးလောင်ဆုံးရှုံးရသည့်အပြင် နေအိမ်(၂၄)လုံး ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

တစ်လတာ လေကြောင်းတိုက်ခိုက်မှုအတွင်း  မူလတန်းကျောင်း (၁)ကျောင်း၊ အလယ်တန်းကျောင်း (၁) ကျောင်း၊ နှစ်ခြင်းခရစ္စယာန်ဘုရားကျောင်း (၃) ကျောင်း၊ ကက်သလစ်ခရစ္စယာန်ဘုရားကျောင်း (၁) ကျောင်း၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း (၁) ကျောင်း၊ သိမ် (၁) ဆောင်၊ အဆောက်အဦး (၄) ခု၊ ပြည်သူပိုင် ဆေးရုံ (၁) လုံး၊ ပြည်သူပိုင်အဆောက်အဦး (၈) လုံးတို့ ထိခိုက်ပျက်စီးခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ယင်းအပြင် KNU ၏ ကော်သူးလေအုပ်ချုပ်နယ်မြေကို အာဏာသိမ်းစစ်ကောင်စီတပ်နှင့်  ၎င်းတို့၏လက်အောက်ခံ နယ်ခြားစောင့်တပ် (B.G.F) များက တစ်လတာအတွင်း လက်နက်ကြီးများဖြင့် (၉၅) ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောင်းသား (၁) ဦးအပါအဝင် အရပ်သား(၃) ဦး သေဆုံးခဲ့ရကာ ကျောင်းသား (၆) ဦးအပါအဝင် (၃၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် (၁၉) လုံးလည်း မီးလောင်ဆုံးရှုံးသွားသည်ဟု သိရသည်။