နမ္မတူမြို့ကို သိမ်းလိုက်ပြီဖြစ်ကြောင်း TNLA ထုတ်ပြန် 

နမ္မတူမြို့ကို သိမ်းလိုက်ပြီဖြစ်ကြောင်း TNLA ထုတ်ပြန် 
ဒီဇင်ဘာ 28, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ရှိ စစ်ကောင်စီဗျုဟာမှူး အခြေချကွပ်ကဲနေသည့် တပ်စခန်းများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် အလုံးစုံ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။ 

 

TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာလ (၂၅)ရက်နေ့မှ စတင်၍ နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့ပြီး (၄)ရက်အကြာ ဒီဇင်ဘာလ (၂၈)ရက်နေ့ နံနက်(၁)နာရီခွဲတွင် စစ်ကောင်စီ ခမရ(၃၂၄) ဗျုဟာကုန်း အပါအဝင် တပ်စခန်းများဖြစ်သည့် မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများ အလုံးစုံကို သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။ 

နမ္မတူမြို့ စစ်ကောင်စီတပ်စခန်းသည် စစ်ဗျုဟာ(၂)လက်အောက်ခံ ခမရ(၃၂၄)၊ ခလရ(၂၅၆)တို့မှ လာရောက်ထိုးစစ်ဆင် အခြေချလှုပ်ရှားသည့် တပ်ဖြစ်သည်ဟု သိရသည်။ 

နမ္မတူမြို့ရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်ဘက်မှ Jet Fighterဖြင့် (၂၅)ကြိမ် ၊ Y12 လေယာဥ်ဖြင့် (၂၇)ကြိမ်နှင့် တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi35ဖြင့် (၉)ကြိမ် အသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

နမ္မတူမြို့ တိုက်ပွဲအတွင်းသို့ စစ်ကောင်စီ ခမရ(၃၂၄)တပ်စခန်းမှ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် (၉၃)ကြိမ်ထက်မနည်း နမ္မတူမြို့တွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ Mi17 ထောက်ပိုယာဥ်ဖြင့် စစ်ကူအင်အားနှင့် လက်နက်ခဲယမ်းများ (၂)ကြိမ် လာရောက်ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။ 

နမ္မတူမြို့စခန်းသိမ်းတိုက်ပွဲ (၄)ရက်ကြာကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း(၆၁)ကြိမ်၊ ဗုံးကြဲချမှု အကြိမ်ပေါင်း (၂၁၈)ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု (၉၃)ကြိမ် ထက်မနည်း အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ နမ္မတူတပ်စခန်းကို TNLAက တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် နမ္မတူမြို့နယ်မှ ဒေသခံ (၂)ဦး သေဆုံးခဲ့ပြီး (၈)ဦး ဒဏ်ရာရရှိကာ၊ ဗလီကျောင်း၊ ဘာသာရေးအဆောက်အဦး၊ ဘုရားကျောင်းကန်များ၊ လူနေအိမ် (၇)လုံး လက်နက်ကြီးနှင့် လေယာဥ်ဗုံးစ ထိမှန်ပျက်စီးကာ လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

တိုက်ပွဲကာလအတွင်း  စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ၊ ဟောင်ဝစ်ဇာအမြောက်အပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်သုံးဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ 

ယနေ့ ဒီဇင်ဘာလ(၂၈)ရက်နေ့အထိ TNLAက နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ မိုင်းလုံမြို့တိုကို သိမ်းပိုက်ခဲ့ပြီးနောက် နမ္မတူမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်သည်။

#TachileikNewsAgency

Photo: PSLF/TNLA News