ဖယ်ခုံ -ပင်လောင်း ၂၂ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ် ၅၀ ကျော်အပါအဝင် အဆမတန် လက်နက်အင်အားအသုံးပြု

ဖယ်ခုံ -ပင်လောင်း ၂၂ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ် ၅၀ ကျော်အပါအဝင် အဆမတန် လက်နက်အင်အားအသုံးပြု
By Tachileik News Agency

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်များတွင်  (၂၂ ) ရက်ကြာတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ (၅၇)ကြိမ် ပစ်ခတ်တိုက်ခိုက်မှုအပါအဝင် လက်နက်အင်အား အဆမတန်သုံး၍တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များက အဆိုပါဒေသကို သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးလာသောကြောင့် ဒေသကာကွယ်ရေးတပ်များနှင့် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့ကစတင်ကာ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး မတ်လ (၁၂ )ရက်နေ့အထိ ရက်ပေါင်း(၂၂)ရက်ကာလအတွင်း တိုက်ခိုက်မှုအခြေအနေများကို KNDF ဖယ်ခုံတပ်ရင်းက ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

အဆိုပါ (၂၂)ရက်တာကာလအတွင်း စစ်ကောင်စီတပ်က Mi35 Jet Fighter ပျံသန်းမှု ၁၅ ကြိမ်နှင့် ပတ်ခတ်မှု ၄၅ ကြိမ်၊ ရဟတ်ယာဉ်ပျံသန်းမှု ၄ ကြိမ်နှင့် ပတ်ခတ်မှု ၁၂ ကြိမ်၊ ဖယ်ခုံစကခ(၇)မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှု အကြိမ် ၅၀၀ နှင့်အထက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်၊ လူ အဆမတန်အင်အားဖြင့် တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်  ရှမ်း-ကရင်နီ (ကယား)နယ်စပ် ကယန်းဒေသ၊ ရှမ်းဒေသနှင့် ပအိုဝ်းဒေသများရှိ ပြည်သူများနေထိုင်ရာနေရာများကိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က တိုက်ပွဲမရှိသည့်နေရာများကိုပါ ပစ်ခတ်တိုက်ခိုက်နေသဖြင့် အရပ်သားပြည်သူသေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရမှုများလည်းရှိနေကြောင်း သိရသည်။

ယင်းအပြင် ပင်လောင်းမြို့နယ်အတွင်း နန်းနိန်းရွာဘုန်းကြီးကျောင်း၌ သံဃာ ၃ ပါးနှင့် လက်နက်မဲ့ပြည်သူ ၁၉ ဦးလည်း အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ကြရသည်။