ရသေ့တောင် အခြေစိုက် စစ်ကောင်စီ၏ တပ်ရင်း (၃) ခုကို ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်

ရသေ့တောင် အခြေစိုက် စစ်ကောင်စီ၏ တပ်ရင်း (၃) ခုကို ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်

 ရခိုင်ပြည်နယ် ရသေ့တောင်မြို့ရှိ စစ်ကောင်စီတပ်၏ တပ်ရင်း(၃)ခုကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်က ၂၀၂၄ ခုနှစ် မတ်လ(၁၈)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ရသေ့တောင် အခြေစိုက်တပ်ရင်းများဖြစ်သည့် ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈) တပ်ရင်း (၃)ခုလုံးအား ၂၀၂၄ ခုနှစ်၊ မတ်လ(၁၇) ရက်၊ ညနေ (၄)နာရီခန့်အချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီက  ကြည်း၊ ရေ၊ လေ ပစ်ကူအမြောက်များဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ အဆိုပါ တပ်ရင်း(၃)ခုလုံးကို နှစ်ပတ်ခန့်ကြာ ထိုးစစ်ဆင်တိုက်ခိုက်အပြီးတွင် သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ စခန်းများအတွင်းမှ စစ်ကောင်စီတပ်သား အင်အား(၂၀၀) ခန့်သည် စစ်သင်္ဘောများဖြင့် ကိုယ်လွတ်ရုန်းထွက်ပြေးလွတ် မြောက်သွားသော်လည်း စစ်မှုထမ်းဥပဒေအားခုတုံးလုပ်ပြီး စစ်ကောင်စီမှ စစ်သင်တန်းပေးထားသော ဘင်္ဂလီအချို့၏ အလောင်းများ၊ စစ်ကောင်စီတပ်သား အလောင်းများကို တွေ့ရှိရသလို လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဘူးသီးတောင်မြို့အတွင်းရှိ စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်အား အရှိန်အဟုန်မြှင့်နေသည်ဟု ထုတ်ပြန်ထားသည်။

ရခိုင်ဒေသ၌ စစ်ရှုံးကာ မြို့များတစ်မြို့ပြီးတစ်မြို့ လက်လွှတ်နေရသည့် စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ သာသနိကအဆောက်အအုံများ၊ လမ်းတံတားများ စသည့် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်သည့် လုပ်ရပ်များကိုသာ ပိုမိုလုပ်ဆောင်လာကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှကျူးလွန်နေသည်ဟု သိရသည်။

စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေမှု များကြောင့် အရပ်သားပြည်သူတို့၏ဒဏ်ရာရ သေဆုံးမှုများမှာလည်း တစ်ရက်ထက်တစ်ရက် ပိုမိုမြင့်တက်နေသည်ဟု ထုတ်ပြန် ထားသည်။