စစ်ကောင်စီတပ်က နမ့်ခမ်းမြို့ရှိကျေးရွာများကို လက်နက်ကြီးနှင့်ပစ်ခတ်နေ

စစ်ကောင်စီတပ်က နမ့်ခမ်းမြို့ရှိကျေးရွာများကို လက်နက်ကြီးနှင့်ပစ်ခတ်နေ
နိုဝင်ဘာ 13, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ်၏ စခန်းသစ်ကုန်းမှ ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာများသို့ လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့ရာ နေအိမ်တချို့ပျက်စီးခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့ရှိ မန်အောင်၊ ဆာလူး၊ ဖာလင်၊ မန်ဝေါ၊ လွယ်ဟွမ်၊ မန်လုံရွာများဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီး (၁၅)လုံးခန့်ပစ်ခတ်ခဲ့ရာ နေအိမ်တချို့ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ထိခိုက်မှုတော့မရှိဘူး။ ရွာအနီးအနားကျတယ်၊ ရွာထဲကျတယ်။ ဒီမနက် စခန်းသစ်ကနေပြီးတော့မှ မန်အောင်ရွာဆို ရွာလယ်ဘုန်းကြီးကျောင်းကို နှစ်လုံးကျတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ယမန်နေ့ ညပိုင်းကလည်း စစ်ကောင်စီတပ်၏ စခန်းသစ်ကုန်းမှ  နမ့်ခမ်းမြို့တွင်း ရဲစခန်းနှင့် စာရေးတန်းရပ်ကွက်၊ ပတ္တမြားခန်းမဘက်သို့ လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သောကြောင့် ပတ္တမြားခန်းမကို ထိမှန်မီးလောင်ခဲ့သည်ဟု TNLA ဘက်ကဆိုသည်။

"ပတ္တမြားခန်းမမှာကျတာက သူတို့ဝန်ထမ်းတွေတော့ရှိတယ်။ ဝန်ထမ်းတွေကအနောက်မှာ အိပ်တာကိုး။ လက်နက်ကြီးကျတာက အရှေ့မှာကျတာ။"ဟု ဒေသခံတစ်ဦးက ပြောသည်။ 

မီးလောင်မှုကြောင့် ညတွင်းချင်း TNLAရဲဘော်များနှင့် ပြည်သူတို့ ပူးပေါင်းဝိုင်းဝန်း မီးငြိမ်းသတ်နိုင်ခဲ့သည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၁)ရက်နေ့တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သာယာကုန်းရပ်ကွက်တွင် လူနေအိမ် (၃)လုံး ထိမှန်‌ မီးလောင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency