ရှမ်းမြောက်တွင် တိုက်ပွဲများဆက်ဖြစ်နေ၊ TNLA သိမ်းယူထားသည့် မန်တုံ ခလရ ၁၃၀ တပ်တွင်း လက်နက်ခဲယမ်းများ ထပ်မံရရှိ

ရှမ်းမြောက်တွင် တိုက်ပွဲများဆက်ဖြစ်နေ၊ TNLA သိမ်းယူထားသည့် မန်တုံ ခလရ ၁၃၀ တပ်တွင်း လက်နက်ခဲယမ်းများ ထပ်မံရရှိ
ဒီဇင်ဘာ 27, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်ရှိ တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော်(TNLA)သိမ်းယူထားသည့် စစ်ကောင်စီ၏ ခလရ(၁၃၀)တပ်ရင်းအတွင်းမှ လက်နက်ခဲယမ်းများ ယနေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

မန်တုံမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို TNLAက ဒီဇင်ဘာလ (၂၂)ရက်နေ့တွင် သိမ်းဆည်းရရှိခဲ့ပြီးဖြစ်သော်လည်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများ၏ ထွက်ဆိုပြောပြချက်အရ စစ်ကောင်စီ ခလရ(၁၃၀)တပ်စခန်းအတွင်း ဆက်လက်ရှာဖွေစစ်ဆေးရာ တတိယအကြိမ် လက်နက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း TNLAက သတင်းထုတ်ပြန်ထားသည်။ 

ယနေ့နံနက်ပိုင်းတွင် နမ္မတူမြို့ စစ်ကောင်စီတပ်စခန်းကို TNLAက ဆက်လက်တိုက်ခိုက်နေပြီး  စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာသို့ Jet Fighterဖြင့် (၈)ကြိမ်၊ Mi35ဖြင့် (၄)ကြိမ်၊ Y12ဖြင့် (၈)ကြိမ်၊ ဗုံး (၇၈)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ကျောက်မဲမြို့နယ်တွင်လည်း စစ်ကောင်စီတပ်မှ ကြူရှောကျေးရွာအနီးတဝိုက်ကို လက်နက်ကြီးဖြင့် (၁၁)ကြိမ်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီ၏ မိုင်းငေါ့တပ်စခန်းမှလည်း မာန်ပုံကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် (၅)ကြိမ် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ (၆၈)ဂိတ်မှ ဖန်တောင်ကျေးရွာ၊ ပန်ကျုံကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် (၁၃)ကြိမ် ပစ်ခတ်ခဲ့ပြီး နမ့်ခမ်း၊ မန်တပ်စခန်းကို(၁)ကြိမ်၊ မူဆယ်မြို့ကို (၁)ကြိမ်၊ နမ္မတူတပ်စခန်းကို (၁)ကြိမ် စစ်ကူလူအင်အားနှင့် လက်နက်ခဲယမ်းများ ပို့ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညပိုင်းတွင် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ၏ မိုင်းငေါ့တပ်စခန်းမှ မန်ခေါက်ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် (၆)ကြိမ် ပစ်ခတ်ခဲ့ရာ မန်ခေါက်ကျေးရွာဒေသခံ ကိုအိုက်လေ့ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး ကိုအောင်မိုးမှာ လက်နက်ကြီး ကျည်ထိမှန် ဒဏ်ရာရသည့်အပြင် လူနေအိမ် (၃)လုံးလည်း လက်နက်ကြီးကျည်ထိမှန်ပျက်စီးခဲ့ရသည်။

#TachileikNewsAgency