ခရစ်ယာန်ဆရာတော်များနှင့် ဘာသာဝင်များကို ငြိမ်းချမ်းရေးအတွက် ပါဝင်ပေးကြရန် စစ်ခေါင်းဆောင်တိုက်တွန်း

ခရစ်ယာန်ဆရာတော်များနှင့် ဘာသာဝင်များကို ငြိမ်းချမ်းရေးအတွက် ပါဝင်ပေးကြရန် စစ်ခေါင်းဆောင်တိုက်တွန်း
ဒီဇင်ဘာ 25, 2023 | 2021 Military Coup

ခရစ်ယာန်ဆရာတော်များနှင့် ဘာသာဝင်များကို ငြိမ်းချမ်းရေးအတွက် ပါဝင်ပေးကြရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် နေပြည်တော် ပျဉ်းမနားမြို့၊ ရန်အောင်(၁)ရပ်ကွက်ရှိ စိန့်မိုင်ကယ်ကက်သလစ်ဘုရားကျောင်း၌ ပြောဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းလုံးရှိ ပြည်သူများက လက်နက်ကိုင်ကာ စစ်ကောင်စီတပ်အား တော်လှန်လာသည့်အပြင် တိုင်းရင်းသားလက်နက်ကိုင်များကလည်း တော်လှန်တိုက်ခိုက်လာပြီးနောက် ခရစ်ယာန်ဆရာတော်များကို စစ်ခေါင်းဆောင်က ယင်းသို့ တိုက်တွန်းလာခြင်းဖြစ်သည်။

စစ်ကောင်စီသည် ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေပြီး ကြွရောက်လာကြသည့် ခရစ်ယာန်ဘာသာဝင် ဆရာတော်ကြီးများနှင့် ခရစ်ယာန်ဘာသာဝင်များအနေဖြင့်လည်း မိမိတို့နေထိုင်ရာဒေသ၊ မိမိတို့နေထိုင်ရာနိုင်ငံတော် ထာဝရငြိမ်းချမ်းရေးရရှိနိုင်ရေးအတွက် တတ်နိုင်သည့်ဘက်မှ တတ်နိုင်သမျှနည်းလမ်းများဖြင့် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံ ပြောကြားလိုသည်ဟု ဆိုသည်။

ထို့အပြင် တပ်စခန်းများစွာ ဆုံးရှုံးထားရသည့် စစ်ခေါင်းဆောင်က ဘာသာတရားတိုင်းသည် ငြိမ်းချမ်းမှုကို အခြေပြုထားခြင်းဖြစ်သည့်အတွက် လူ့အဖွဲ့အစည်းတိုင်းတွင်လည်း ငြိမ်းချမ်းမှုလိုအပ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေးတံခါးများ အမြဲဖွင့်လှစ်ထားသကဲ့သို့ စစ်တပ်အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေပြီး ထာဝစဉ်ဖိတ်ခေါ် ကြိုဆိုကြောင်း ပြောဆိုလာသည်။

#TachileikNewsAgency