တရုတ်စီးပွားရေးလုပ်ငန်းများကို ကာကွယ်ပေးမည်ဟု NUG သဘောထားထုတ်ပြန်

တရုတ်စီးပွားရေးလုပ်ငန်းများကို ကာကွယ်ပေးမည်ဟု NUG သဘောထားထုတ်ပြန်
ဇန်နဝါရီ 2, 2024 | 2021 Military Coup

မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံ၏ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားလူမှုစီးပွားလုပ်ငန်းများ၏ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့တွင် ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ တရုတ်နိုင်ငံဆိုင်ရာ သဘောထားအား ထုတ်ပြန်ရာတွင် ယင်းသို့ဖော်ပြထားခြင်းဖြစ်သည်။

NUGသည် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရန် ရည်မှန်းထားသည်နှင့်အညီ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ချမှတ်လိုက်နာကျင့်သုံး‌နေကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအတွက် အထူးအရေးပါသည့်နိုင်ငံဖြစ်ကြောင်း ဖော်ပြထားသည်။

အိမ်နီးချင်းနိုင်ငံများဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံကြား စစ်မှန်သည့် ဆွေမျိုး-ပေါက်ဖော် ဆက်ဆံရေးတည် ဆောက်သွားမည်ဖြစ်ကာ တရုတ်နိုင်ငံအတွက် အိမ်နီးချင်းကောင်းဖြစ်ရေး မြန်မာနိုင်ငံက အမြဲကြိုးပမ်း ရပ်တည်မည်ဟုဆိုသည်။

တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ထောက်ခံကျင့်သုံးမည်ဖြစ်ပြီး တရုတ်နှင့် မြန်မာနှစ်နိုင်ငံကြား ပြည်သူနှင့်ပြည်သူ ဆက်ဆံရေးကို အလေးထားလျက် အပြန်အလှန် ချစ်ကြည်မှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အစွမ်းကုန် မြှင့်တင်၊ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

နှစ်နိုင်ငံကြား လူမှုစီးပွားအရ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို အစဉ်သဖြင့် ထိန်းသိမ်း၊ မြှင့်တင်၊ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံ၏ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားလူမှုစီးပွားလုပ်ငန်းများ၏ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်မည်ဟု ဆိုသည်။

အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေသည့် မည်သည့်အဖွဲ့အစည်းကိုမျှ မြန်မာ့ပိုင်နက်အတွင်း အခြေချခွင့်မပြုကြောင်း၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင် နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်မှု စာချုပ်များအပါအဝင် နှစ်နိုင်ငံကြား သဘောတူချုပ်ဆိုခဲ့သည့် စာချုပ်များအားလုံးကို မြန်မာနိုင်ငံမှ တာဝန်ယူ ဆက်ခံမည်ဟု ဆိုသည်။

နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးနှင့် လုံခြုံရေးသာမက ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကိုပါ ထိခိုက်စေသည့် ကျားဖြန့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းများအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းများကို တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်း၍ တိုက်ဖျက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency