ကျေးရွာများအတွင်း ထင်တိုင်းကြဲနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်က တရုတ်ပိုင် ဝါဂွမ်းစက်ရုံအပါအဝင် ကျေးရွာ (၆)ရွာကို မီးရှို့ဖျက်ဆီး

ကျေးရွာများအတွင်း ထင်တိုင်းကြဲနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်က တရုတ်ပိုင် ဝါဂွမ်းစက်ရုံအပါအဝင် ကျေးရွာ (၆)ရွာကို မီးရှို့ဖျက်ဆီး

 စစ်ကိုင်းတိုင်း၊ ကန့်ဘလူနှင့် တန့်ဆည်မြို့နယ်တို့တွင် စစ်ကြောင်း ထိုးနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်က တရုတ်ပိုင် ဝါဂွမ်းစက်ရုံအပါအဝင် ကျေးရွာ(၆)ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကန့်ဘလူမြို့နယ်အရှေ့ခြမ်း  ရွှေဘို - မြစ်ကြီးနား မဟာဗျူဟာလမ်း ဘေးကျေးရွာများအား ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၇)ရက်ကစတင်ကာ စစ်ကြောင်းထိုးနေသည့် အင်အား(၁၅၀)ကျော်ပါ စစ်ကောင်စီတပ်၏ ခမရ (၃၆၈)  စစ်ကြောင်းသည် ကန့်ဘလူမြို့နယ်အ ရှေ့ခြမ်းရှိ  ကျေးရွာ(၃)ရွာအပြင် တရုတ်ပိုင် ဝါဂွမ်းစက်ရုံကိုလည်း မီးရှို့ ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းစစ် ကောင်စီတပ်သည် ကန့်ဘလူမြို့နယ်အရှေ့ခြမ်းရှိ လက်ပံပင်ပြန့်တဲတိုက်မှ တဲအိမ်များ အပါအဝင် ဒီဇင်ဘာလ(၁၄)ရက်နှင့် (၁၅)ရက်နေ့ တို့တွင် လွှဲဆိပ်၊  ဘော၊ လက်ခုပ်ကုန်း ကျေးရွာများကို မီးရှို့ခဲ့သည့်အပြင် ရွှေဘို – မြစ်ကြီးနား မဟာဗျူဟာလမ်းမဘေးရှိ (ဟုန်မန်းကွင်း) တရုတ်ပိုင် ဝါဂွမ်းစက်ရုံကိုပါ ဒီဇင်ဘာလ(၁၅)ရက်နေ့ နံနက်ပိုင်းက  မီးရှို့ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက် နေခြင်းကြောင့် ကန့်ဘလူမြို့နယ်အရှေ့ခြမ်း ရွှေဘို - မြစ်ကြီးနား မဟာဗျူဟာလမ်းမ ဘေးရှိ လွှဲဆိပ်၊ ဆယ့်တ ပေါက်၊  အေးသာယာ၊  လက်ခုပ်ကုန်း၊  ဘော ကျေးရွာများမှ  ဒေသခံပြည်သူများ စစ် ဘေးရှောင် နေရကြောင်း သိရသည်။

ဒါ့အပြင် ဒီဇင်ဘာလ(၉)ရက်နေ့မှ စတင်ကာ ကျွန်းလှမြို့နယ်နှင့်တန့်ဆည်မြို့နယ်အစပ် ကျေးရွာများအား အင်အား(၃၀၀)ဝန်းကျင်ဖြင့် စစ် ကြောင်းထိုးနေသော စစ်ကောင်စီ၏ ခမရ (၃၆၁)၊ ခမရ (၃၆၉)နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ (၁၅) ရက်နေ့က တန့်ဆည်မြို့နယ် မူးကျင်းစု၊ ထန်းပင်ကုန်း၊ သာဂလ /သာဂရကျေးရွာများကို မီးရှို့ခဲ့ ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်များရှိ ကျေးလက်ဒေသများတွင် ထိုးစစ်ဆင်ခြင်း၊ ကျေးရွာများအတွင်း နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံများကို ဓါးစာခံပြုလုပ်ခြင်း၊ ရိုက်နှက်စစ်ဆေး ဖမ်းဆီး သတ်ဖြတ်ခြင်းများကို အကြမ်းဖက်လုပ်ဆောင်နေလျက်ရှိသည့်အတွက် ကျေးရွာအတွင်း အာဏာသိမ်းစစ်တပ်များ ရောက်ရှိလာပါက ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများ ထံက သိရသည်။