မြန်မာပြည်တဝှမ်း နေရပ်စွန့်ခွာရသူ ၂ သန်းကျော်လာပြီး အတားအဆီးမရှိ ဝင်ရောက်ကူညီနိုင်ရန် ကုလအတွင်းရေးမှူးချုပ်တောင်းဆို

မြန်မာပြည်တဝှမ်း နေရပ်စွန့်ခွာရသူ ၂ သန်းကျော်လာပြီး အတားအဆီးမရှိ ဝင်ရောက်ကူညီနိုင်ရန် ကုလအတွင်းရေးမှူးချုပ်တောင်းဆို
နိုဝင်ဘာ 16, 2023 | 2021 Military Coup| အခြားဒေသများ

မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာထွက်ပြေးရသူ (၂)သန်းကျော်သွားပြီဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု အရေးပေါ်အကူအညီများနှင့် မဖြစ်မနေလိုအပ်သည့် ဝန်ဆောင်မှုများပေးနိုင်ရန် လမ်းကြောင်းအားလုံးမှ အတားအဆီးမရှိ ဝင်ရောက်သွားလာခွင့်ပေးရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတွင်း ပဋိပက္ခများတိုးမြင့်ဖြစ်ပွားနေသည့်အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် အထူးစိုးရိမ်မကင်းဖြစ်မိသည်ဟုလည်း ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် သက်ဆိုင်သူအားလုံးအနေဖြင့် နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေကို လေးစားလိုက်နာရန်နှင့် အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရေး အစွမ်းကုန်ဆောင်ရွက်ရန်တို့ကိုလည်း တောင်းဆိုထားသည်။ 

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂) နှင့်အညီ အကြမ်းဖက်မှုများ အဆုံးသတ်စေရေးအတွက်  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့၊ ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများဖြင့် လက်တွဲလုပ်ဆောင်ဖို့ ကတိကဝတ် ဆက်လက်ပြုထားသည်ဟု ဆိုသည်။ 

နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနှင့်အညီ အရပ်သားပြည်သူများကို အကာအကွယ်ပေးသင့်ပြီး အဆိုပါဥပဒေကို ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကိုလည်း တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေး လုပ်ဆောင်ရမည်ဟု ဆိုသည်။

အားလုံးပါဝင်သည့် တရားမျှတပြီး ငြိမ်းချမ်းသည့် အနာဂတ်တစ်ခုအတွက် မြန်မာပြည်သူများနှင့် ပြည်သူများ၏ ပြင်းပြသည့်ဆန္ဒများနှင့်အတူ တသားတည်းရှိနေကြောင်း ထပ်မံပြောဆိုထားသည်။

#TachileikNewsAgency