ကိုးကန့်ဒေသ ရှိအိုနှင့် သိန္နီမြို့တို့ကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲ အရပ်သား(၃)ဦးသေဆုံး(၁၀)ဦးဒဏ်ရာရ 

ကိုးကန့်ဒေသ ရှိအိုနှင့် သိန္နီမြို့တို့ကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲ အရပ်သား(၃)ဦးသေဆုံး(၁၀)ဦးဒဏ်ရာရ 
ဒီဇင်ဘာ 24, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ ရှိအိုနေရာနှင့် သီန္နီမြို့တို့ကို စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၃)ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သားများ ထိခိုက်သေဆုံးကာ နေအိမ်အဆောက်အဦးများ ပျက်စီးသွားကြောင်း သိရသည်။

ကိုးကန့် ရှိအိုနေရာကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် အကြိမ်ပေါင်းများစွာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုးကန့်ရှိအိုလုံတုံ့နေရာရှိ စစ်ဘေးရှောင် ဒုက္ခသည်များ ခိုလှုံနေသော နေရာသို့ ကျရောက်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦးအပါအဝင် (၅)ဦး ဒဏ်ရာရရှိပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းနေ့တွင် နယ်စပ်မှတ်တိုင်(၁၂၃)နေရာတွင် စစ်ဘေးရှောင်နေသော အရပ်သား အသက်(၁၆)နှစ်အရွယ် မိန်းကလေးတစ်ဦးသည် နယ်စပ်မှတ် တိုင်(၁၂၄)အနီး ထင်း(သစ်ကိုင်း)ကောက်နေစဉ် စစ်ကောင်စီတပ် ထောင်ခဲ့သော မိုင်းနင်းမိပြီး ခြေနှစ်ချောင်းထိမှန်ပြီး ညာဘက်ခြေကျိုးသွားကြောင်း သိရသည်။

ဒီဇင်ဘာလ (၁၀)ရက်နေ့မှစ၍ ကိုးကန့်ဒေသတွင် တိုက်ပွဲများ ရပ်တန့်နေရာက ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ကိုးကန့်ဒေသနှင့် ကိုးကန့်ဘေးပတ်လည်နေရာများကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယင်းနောက် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး ကိုးကန့် လောက်ကိုင်ဒေသအတွင်း ပစ်ခတ်မှုဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုများလည်း ရှိနေသည်ဟု သိရသည်။

သိန္နီမြို့နယ်တွင်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား(၂)ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ဒီဇင်ဘာလ (၂၃)ရက်နေ့အထိ ရှမ်းပြည်နယ် အထူးဒေသ(၁)နယ်မြေအတွင်း စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု‌ကြောင့် အရပ်သား (၅၅)ဦး သေဆုံးခဲ့ပြီး အနည်းဆုံး (၄၀)ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: The Kokang