မန်တုံမြို့ကို TNLA သိမ်းပိုက်

မန်တုံမြို့ကို TNLA သိမ်းပိုက်
ဒီဇင်ဘာ 23, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း TNLAထံမှ သိရသည်။

TNLA သည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့ကစတင်ပြီး မန်တုံမြို့အခြေစိုက် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ(၁၃၀)ကို တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ(၂၂)ရက်နေ့ ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"မန်တုံမြို့ကိုရပြီ။ မန်တုံမှာ စစ်ကောင်စီတပ်ရဲ့ ဘယ်စခန်းမှ မကျန်တော့ဘူး။ မြို့ကိုပါသိမ်းတာ။"ဟု TNLA ရှေ့တန်းရောက် ရဲဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီတပ်သည် မန်တုံမြို့နယ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၉)ရက်နေ့မှ ဒီဇင်ဘာလ (၂၂)ရက်နေ့အထိ ဂျက်ဖိုက်တာဖြင့် (၁၃)ကြိမ်၊ Y12 လေယာဉ်ဖြင့် (၄၈)ကြိမ်၊ စစ်ကောင်စီ၏ (၁၃၀)တပ်စခန်းမှ လက်နက်ကြီးဖြင့် အကြိမ်(၃၀)ကျော် ပစ်ခတ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် မန်တုံမြို့ရှိ ဒုက္ခသည်စခန်း၊ လွယ်ကန်ကျေးရွာ၊ မန်တုံမြို့တွင်းနှင့် အနီးတဝိုက်တွင် ကျရောက်ပေါက်ကွဲခဲ့သည်။ 

 

ဗုံးကြဲတိုက်ခိုက်မှုကြောင့် လွယ်ကန်ကျေးရွာ မန်တုံမြို့နှင့် ဒုက္ခသည်စခန်းရှိ မီးတိုင်များ ကျိုးကျပျက်စီးခဲ့ပြီး နေအိမ်တစ်လုံး မီးလောင်ကာ ဘုန်းတော်ကြီးကျောင်းအပါအဝင် ဒေသခံနေအိမ် (၁၅)လုံး ထိခိုက်ပျက်စီးသွားခဲ့သည့်အပြင် မန်တုံမြို့ရှိ မြို့ခံအမျိုးသမီးတစ်ဦးလည်း လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

TNLAသည် နမ့်ဆန်၊ နမ့်ခမ်းမြို့များကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းက သိမ်းပိုက်ခဲ့ပြီး မန်တုံမြို့သည် တတိယမြောက် သိမ်းပိုက်ရရှိခဲ့သည့် မြို့ဖြစ်သည်။

#TachileikNewsAgency