ပေါက်တောမြို့ကို စစ်ကူလာသည့် စစ်သင်္ဘော ၃ စီး AA တိုက်ခိုက်မှုကြောင့် နောက်ပြန်ဆုတ်

ပေါက်တောမြို့ကို စစ်ကူလာသည့် စစ်သင်္ဘော ၃ စီး AA တိုက်ခိုက်မှုကြောင့် နောက်ပြန်ဆုတ်

ရခိုင်ပြည်နယ် ပေါက်တောမြို့ကို လူအင်အား၊ လက်နက်ဖြည့်တင်းရန် စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် စစ်သင်္ဘော (၃)စီး အသုံးပြုခဲ့သော်လည်း AA၏ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောတစ်စီးကိုထိမှန်ပြီး စစ်ကောင်စီတပ်ဘက်က စစ်ကူအချို့သေဆုံး၊ ဒဏ်ရာရကာ စစ်သင်္ဘောလည်း နောက်ပြန်လှည့်သွားသည်ဟု သိရသည်။

ပေါက်တောမြို့နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီ၏ လက်ကျန်တပ်ဖွဲ့ဝင်တစ်ချို့သည် မြို့တွင်းတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

စစ်ကောင်စီသည် ပေါက်တောမြို့သို့ လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းရန်ကြိုးစားနေခဲ့သည်မှာ တစ်ပတ်ခန့်ကြာမြင့်ပြီဖြစ်ပြီး AAက ဆက်လက်ဖြတ်တောက်ထားသည်ဟု သိရသည်။

ပေါက်တောမြို့ပေါ်မှ လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် မြို့ပေါ်ရပ်ကွက်များဖြစ်သော ပန်းသီးရပ်ကွက်နှင့် ရပ်ကွက် (၃)ထဲရှိ  လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယမန်နေ့က ရမ်းဗြဲမြို့နယ်၊ သရက်တောကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ (၁၀,၀၀၀) ကျော်ခန့်အကွာအဝေး၌ရှိသော စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများဖြင့် အကြိမ် (၂၀)ပစ်ခတ်ခဲ့ပြီး နေ့လယ်ပိုင်းတွင် အဆိုပါစခန်းမှပင် ရမ်းဗြဲမြို့နယ်၊ ကြက်သရေ‌ကျေးရွာ၏ အနောက်မြောက်ဘက် တောင်ကုန်းဘက်သို့ လက်နက်ကြီးများဖြင့် (၈)ကြိမ် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ရမ်းဗြဲမြို့၏ အနောက်ဘက်မီတာ (၃၈၀)ခန့်အကွာရှိ တောင်ကုန်းနှင့် သရက်တော‌ကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ စစ်ကောင်စီစခန်းမှ (၆၀)မမ လက်နက်ကြီးဖြင့်  (၁၃)ကြိမ် ကြက်သရေကျေးရွာနှင့် အနီးအနားတောင်ကုန်းများသို့ ပစ်ခတ်ခဲ့သည့်အပြင် ကလိန်တောင်မြစ်ရှိ စစ်ကောင်စီ၏ ဇက်ရေယာဉ်မှလည်း လက်နက်ကြီးများဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနား‌ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

အမ်းမြို့နယ်ရှိ ခမရ (၅၄၃)တပ်ရင်းမှ စွိချောင်းကျေးရွာနှင့် ဆင်ဦးတိုက်‌ကျေးရွာများဘက်သို့ (၈၁)မမ၊ (၁၂၀)မမ လက်နက်ကြီးများဖြင့် အကြိမ် (၂၀)ထက်မနည်း ပစ်ခတ်ခဲ့သည့်အပြင် ဂျက်တိုက်လေယာဉ်မှ စစ်သေနတ်များဖြင့် ပစ်ခတ်ခဲ့ကာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်များသည် စစ်တွေမြို့၊ တောကန်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ လူနေဆောင်များအား မီးရှို့ဖျက်ဆီးခဲ့ကြပြီးနောက် အနီးဝန်းကျင်‌ ကျေးရွာများအား ဒရုန်းများဖြင့် စောင့်ကြည့်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

မင်းပြားမြို့၊ မယ်တော်တောင်အခြေစိုက် စစ်ကောင်စီ၏တပ်ရင်း ခမရ (၅၄၁)နှင့် ခမရ (၃၇၉)တို့သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ  ‌ဖလောင်းပြင်ကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

AA ဘက်မှလည်း ၎င်းတပ်ရင်းများသို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်က မင်းပြားမြို့၊ ကြပ်စင်တံတားအနီးသို့ ရဟတ်ယာဉ်တစ်စီးဖြင့် လှည့်ပတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့၊ အမှတ် (၄) ရပ်ကွက်အနီးတွင်လည်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့သည် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

#TachileikNewsAgency