နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်  ဒေါ်အောင်ဆန်းစုကြည်တို့ကို နိုင်ငံတော်အတွက်ရဟတ်ယာဉ် ငှားရမ်း/ဝယ်ယူခြင်းနှင့် ပတ်သက်၍ အဂတိအမှုဖွင့်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်  ဒေါ်အောင်ဆန်းစုကြည်တို့ကို နိုင်ငံတော်အတွက်ရဟတ်ယာဉ် ငှားရမ်း/ဝယ်ယူခြင်းနှင့် ပတ်သက်၍ အဂတိအမှုဖွင့်
နိုဝင်ဘာ 30, 2021 | အခြားဒေသများ

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီအဖွဲ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို  နိုင်ငံတော်အတွက် ရဟတ်ယာဉ် ငှားရမ်း/ဝယ်ယူခြင်းနှင့် ပတ်သက်၍ အဂတိအမှုဖြင့် နေပြည်တော် ဘုရားကုန်းမြို့မရဲစခန်း၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပုဒ်မ ၅၅ အရ ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့တွင် အမှုဖွင့်လိုက်ကြောင်း သတင်းထုတ်ပြန်လာသည်။ 

နိုင်ငံ၏ အဓိပတိများဖြစ်သည့်  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် နိုင်ငံတော်အတွက် ရဟတ်ယာဉ် ငှားရမ်း/ဝယ်ယူခြင်း သက်တမ်းတိုးခြင်းများတွင် လုပ်ပိုင်ခွင့် အခွင့်အာဏာကို အသုံးပြုပြီး ဘဏ္ဍာရေးစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ လုပ်ဆောင်ခဲ့ခြင်းကြောင့်ဟု အကြောင်းပြကာ အမှုဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ(၃၀)ရက်‌နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်  ဒေါ်အောင်ဆန်းစုကြည်တို့အား ပုဒ်မ ၅၀၅-ခ ဖြင့် အမိန့်ချရန် စီစဉ်ထားသော်လည်း ဒီဇင်ဘာလ(၆)ရက်နေ့သို့ ရုတ်တရက် ရက်ရွေ့ဆိုင်းလိုက်ပြီးနောက် ညပိုင်းတွင် အဂတိမှုဖြင့် ထပ်မံဖွင့်လှစ်လာခြင်း ဖြစ်သည်။