တန့်ဆည်မြို့နယ်အတွင်း ကံထူးမတွင် တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က ရွာကို မီးရှို့နေ

တန့်ဆည်မြို့နယ်အတွင်း ကံထူးမတွင် တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က ရွာကို မီးရှို့နေ
ဖေဖော်ဝါရီ 23, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမရွာ၌ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် ရွာကို (၃)နေရာခွဲပြီး မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်များက ကံထူးမရဲစခန်းကို တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က စစ်ကူဖြည့်တင်း၍ ရဲစခန်းနှင့် ကျေးရွာအတွင်းတပ်စွဲကာ မီးရှို့နေခြင်း ဖြစ်ကြောင်း သိရသည်။

"ကံထူးမရွာထဲ မီးရှို့နေတာ (၃)နေရာခွဲပြီး။ ရွာထဲကို စစ်ကောင်စီ တပ်တွေက တပ်စွဲထားတယ်။ တော်လှန်ရေးတပ်တွေကလည်း Drone နဲ့ ဗုံးသီးချ တိုက်ခိုက်နေတယ်။ အသေးစိတ် အခြေအနေတော့ မသိရသေးဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။ 

ကံထူးမရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခြင်း၊ မြေပြင်မှ စစ်ကူအင်အားဖြည့်တင်းခြင်းများကြောင့် တိုက်ပွဲဆက်ဖြစ်နေသည်ဟု သိရသည်။

စစ်ကောင်စီတပ်များသည် တန့်ဆည်မြို့နယ် ခံနံ့သာတောရကျောင်း၌ တစ်ညတပ်စွဲပြီးနောက် ကံကြီးကုန်းမှတဆင့် အင်တိုင်းရွာကိုရောက်လာကာ ယင်းမှတဆင့် ကံထူးမရဲစခန်းဘက်ကို စစ်ကူစစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ကံထူးမရဲစခန်းကို တော်လှန်ရေးတပ်များကတိုက်ခိုက်စဉ် စစ်ကောင်စီတပ်များသည် ပြည်သူပိုင်အထပ်မြင့်အဆောက်အဦးများပေါ် တပ်စွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အဆိုပါစစ်ကောင်စီတပ် စစ်ကြောင်းကြောင့် အနီးရှိ ကျေးရွာ(၂၀)ဝန်းကျင်မှ ဒေသခံထောင်ချီတိမ်းရှောင်နေရကြောင်း သိရသည်။