မန်တုံမြို့တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးပစ်ကူကြောင့် နေအိမ်များပျက်စီး

မန်တုံမြို့တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးပစ်ကူကြောင့် နေအိမ်များပျက်စီး
ဒီဇင်ဘာ 20, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ရှိ စစ်ကောင်စီတပ်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က တိုက်ခိုက်နေရာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးပစ်ကူကြောင့် နေအိမ်များ ပျက်စီးခဲ့ရကြောင်း သိရသည်။

မန်တုံမြို့ကို စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးပြီး ဘုန်းကြီးကျောင်းနှင့် လူနေအိမ် (၁၂)လုံး လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခဲ့သည်ဟု TNLAထံမှ သိရသည်။

မန်တုံမြို့ရှိ စစ်ကောင်စီတပ် ခလရ(၁၃၀)တပ်စခန်းကို TNLAက တိုက်ခိုက်နေခြင်းဖြစ်ပြီး မန်တုံမြို့ အနီးတဝိုက်ကို စစ်ကောင်စီတပ်က Jet Fighterဖြင့် (၈)ကြိမ်၊ Y12 လေယာဥ်ဖြင့် (၄၁)ကြိမ်၊ ဗုံး(၂၁၁)လုံး လာရောက်ကြဲချခဲ့သည်ဟု သိရသည်။

ခလရ(၁၃၀)တပ်စခန်းမှလည်း မန်တုံမြို့နယ် လွယ်ကန်ကျေးရွာ၊ မန်ဖန်ကျေးရွာ၊ ဆွယ်ဟိန်းကုမ္ပဏီကုန်း အနီးဝန်ကျင်၊ တာလတ်ကျေးရွာ၊ မန်ကန်ကျေးရွာ၊ နမ့်ဆန်မြို့လမ်းခွဲ၊ ဒုက္ခသည်စခန်းအနီးတဝိုက်နှင့် ပန်နင်ကျေးရွာလမ်းခွဲများသို့ လက်နက်ကြီးဖြင့် (၇၈)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်း၊ နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းတို့ကို TNLAက တိုက်ခိုက်နေပြီး မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်မှ လယ်ကြီးကျေးရွာနှင့် အထက်ညောင်ကုန်းကျေးရွာသို့ လက်နက်ကြီးဖြင့် (၂၁)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo:ရွှေဖီမြေသတင်းဌာန