မြဝတီတိုက်ပွဲကြောင့် ထိုင်းနိုင်ငံမဲဆောက်တွင် အိမ်ငှားမရတော့သည်အထိ လူအများအပြား စစ်ဘေးတိမ်းရှောင်နေ

မြဝတီတိုက်ပွဲကြောင့် ထိုင်းနိုင်ငံမဲဆောက်တွင် အိမ်ငှားမရတော့သည်အထိ လူအများအပြား စစ်ဘေးတိမ်းရှောင်နေ

မြဝတီမြို့ရှိ စစ်တပ်၏ နောက်ဆုံးလက်ကျန်တပ်ရင်းဖြစ်သည့် ခလရ ၂၇၅ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့တွင်း၌ စစ်ဘေးရှောင်သူအရေအတွက်လည်း တစ်ဖြည်းဖြည်း များပြားလာကြောင်းသိရသည်။

မြဝတီ မြို့ခံများသည် အမှတ် ၁ တံတားမှ မဲဆောက်ဘက်အခြမ်းသို့ အများဆုံး ထွက်ပြေးရှောင်တိမ်းနေကြပြီး စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်များသည် မြဝတီမြို့ပေါ် ရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲ မီးလောင်နေသည်ဟု သိရသည်။

"ကျနော် အရင်ရက်တည်းက ဒီမှာ စစ်ရေးတင်းမာနေတော့ မဲဆောက်ကိုပြောင်းဖို့ အိမ်ငှားဖို့ စုံစမ်းကြည့်သေးတယ်၊ အိမ်ငှားအကုန်ပြည့်နေပြီမို့ မြဝတီမှာပဲဆက်နေတာ။ ဒီနေ့တိုက်ပွဲအရမ်းပြင်းထန်လာတော့ တအုန်းအုန်း တဒိုင်းဒိုင်းနဲ့ ကျနော်လည်း မနေရဲတော့ အခုမဲဆောက်ပဲပြန်သွားပြီး အသိတွေဆီမှာ ကပ်နေရတယ်"ဟု မြဝတီဒေသခံတစ်ဦးကပြောသည်။

မြဝတီပတ်လည်တွင် စစ်ဘေးရှောင်ရန် လုံခြုံသည့်နေရာမှာ အိမ်နီးချင်း ထိုင်းနိုင်ငံသာရှိပြီး ငွေကြေးပြည့်စုံသူများမှာ မဲဆောက်မြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်ကြပြီး ငွေကြေးမပြည့်စုံသူများမှာ ထိုင်းနိုင်ငံနယ်စပ်ရှိ ကျေးရွာများရှိ၊ ကွင်းပြင်များတွင် ကြုံသလိုတဲထိုးပြီး ၊ အမိုးအကာမရှိ နေထိုင်ကြရကြောင်း သိရသည်။

"မြဝတီက စစ်ဘေးရှောင်တွေက ဘယ်မှသွားစရာမရှိဘူး ၊ မဲဆောက်တကြောနဲ့ မဲဆောက်ပတ်ဝန်းကျင် မဲဆောက်၊ မယ်ကု၊ မယ်ပ၊ ဖုတ်ဖ နောက် မဲကစာ အဲ့လိုမဲဆောက်မြို့နားကရွာတွေပေါ့၊ အဲ့လိုတွေမှာပဲ တန်းစီနေကြတာပဲ။ ဒီ မဲ့ခိုကင်တို့ ဘာတို့ စစ်ဘေးရှောင်စခန်းတွေရှိတယ်။ အဲ့စခန်းတွေမှာလည်း စာရင်းသွင်းပြီးနေကြရတာပဲ။"ဟု မဲဆောက်မြို့ကို ရောက်ရှိနေသည့် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

လက်ရှိမြဝတီမြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲတွေကြောင့် ထွက်ပြေးလာနိင်ခြေရှိသူတွေအပါအဝင် စစ်ဘေးရှောင်ပြည်သူ တစ်သိန်းအထိ လက်ခံနိုင်ဖို့ ပြင်ဆင်ထားသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားသည်။

မြဝတီမြို့မကျစေဖို့ စစ်ကောင်စီမှ ဘားအံ၊ မော်လမြိုင်ဘက်မှ အင်အားအမြောက်အများ စစ်ကူပို့ရန်ပြင်ဆင်နေပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့များဘက်ကလည်း စစ်ကူမရောက်စေဖို့ ကြားဖြတ်တိုက်ခိုက်လျှက်ရှိကြောင်း သိရသည်။

#TachileikNewsAgency

Photo: CJ