ကျေးရွာများအတွင်း အကြမ်းဖက်သောင်းကျန်းခဲ့ကြသည့် စစ်ကောင်စီတပ်သားများ ညောင်ပင်ကြီးကျေးရွာကနေ မုံရွာသို့ ခိုးရာပါ ပစ္စည်းများကို ကျောပိုးအိတ်အတွင်းထည့်၍ ပြန်သွား

Photo: အညာပစ်တိုင်းထောင်လေးများအဖွဲ့
Photo: အညာပစ်တိုင်းထောင်လေးများအဖွဲ့
ကျေးရွာများအတွင်း အကြမ်းဖက်သောင်းကျန်းခဲ့ကြသည့် စစ်ကောင်စီတပ်သားများ ညောင်ပင်ကြီးကျေးရွာကနေ မုံရွာသို့ ခိုးရာပါ ပစ္စည်းများကို ကျောပိုးအိတ်အတွင်းထည့်၍ ပြန်သွား

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာ အတွင်း စစ်ကြောင်းထိုးကာ အကြမ်းဖက်သောင်းကျန်းခဲ့ကြသည့် စစ်ကောင်စီတပ်အဖွဲ့သည် ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၂၇)ရက်နေ့ ညနေ(၄)နာရီအချိန်တွင် နန်ချွန်ဆိပ်ကနေ မုံရွာသို့ သွားရောက်နေကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့၏ သတင်းထောက်လှမ်းမှုများအရ သိရသည်။

ညောင်ပင်ကြီးကျေးရွာဘက်ကနေ ရောက်ရှိလာမည့် အကြမ်းဖက် စစ်ကောင်စီတပ်အဖွဲ့ကို နေ့လည်(၂)နာရီခွဲကျော်အချိန်ကတည်းက စစ်ကားများဖြင့် မုံရွာနန်ချွန်ဆိပ်တွင် စောင့်ကြိုနေခြင်းဖြစ်ပြီး ညနေ(၄)နာရီတွင် ကားများဖြင့် နန်ချွန်ဆိပ်ကနေ ထွက်ခွာသွားကာ မုံရွာဘက်သို့ ဦးတည်သွားနေကြခြင်း ဖြစ်သည်။

အဆိုပါ အဖွဲ့သည် ဧပြီလ(၁၅)ရက်နေ့က ညောင်ပင်ကြီးကျေးရွာအုပ်စုအတွင်းထဲက ရွာတစ်ရွာတွင် ဒေသခံများ၏ နေအိမ်(၁၂)အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယနေ့ ညနေပိုင်းတွင် နန်ချွန်ဆိပ်ကနေ မုံရွာဘက်သို့ ပြန်သွားကြသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်သားများသည် ကျေးရွာများအတွင်း လှည့်လည် ခိုးယူခဲ့သည့် ပစ္စည်းများကို ကျောပိုးအိတ်ကိုယ်စီထည့်ပြီး လွယ်သွားကြသည်ဟုလည်း သိရသည်။

"သူတို့တွေက တရွာဝင် တရွာ ကျေးရွာတွေမှာ အကြမ်းဖက် သောင်းကျန်းခဲ့တာ၊ ရွာထဲက ပစ္စည်းတွေဆိုလည်း သိသလိုရော မသိသလိုရော ခိုးသွားကြတယ်။ အခု သူတို့ပြန်သွားတာကို လှမ်းကြည့်တာ ကျောပိုးအိတ်ကိုယ်စီနဲ့ အိတ်တွေဖောင်းနေကြတယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agecny သို့ ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်တပ်မှ တပ်ဖွဲ့ဝင်များသည် အများအားဖြင့်  ရှေ့တန်းစထွက်သည့် အချိန်တွင်သာ စစ်ယူနီဖောင်းကို အပြည့်အစုံ ဝတ်ပြပြီး ထွက်လေ့ရှိသော်လည်း ရှေ့တန်းတွင် စစ်သားဟန်ပန်မျိုးမဟုတ်ဘဲ ဘောလုံးဘောင်းဘီတိုများဖြင့်သာ ဝတ်ဆင်လေ့ရှိသလို တခါတရုံတွင် ၎င်းတို့သည် PDF များဖြင့်ဟန်ဆောင်ကာ ကျေးရွာများအတွင်း သတင်းထောက်လှမ်းခြင်းများ ပြုလုပ်လေ့ရှိကြောင်းလည်း ဒေသခံများထံက သိရသည်။