လာမည့်ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား အနိုင်ရအောင်လုပ်မည်ဟု ကြံ့ဖွံ့ပါတီ ဥက္ကဌ ဦးခင်ရီ ပြောဆို

လာမည့်ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား အနိုင်ရအောင်လုပ်မည်ဟု ကြံ့ဖွံ့ပါတီ ဥက္ကဌ ဦးခင်ရီ ပြောဆို
ဇွန် 8, 2023 | 2021 Military Coup

 ဒီမိုကရေစီအစ ကြံဖွံ့ပါတီကဟုဆိုကာ လာမည့်ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား အနိုင်ရအောင်လုပ်မည်ဟု ကြံ့ဖွံ့(USDP)ပါတီ ဥက္ကဌ ဦးခင်ရီက ပြောသည်။

၂၀၂၃ခုနှစ်၊ ဇွန်လ(၈)ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် ကြံ့ဖွံ့ပါတီဖြစ်ပေါ် လာခြင်း(၁၃)နှစ်ပြည့်တွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရခဲ့သော်လည်း အာဏာ လွှဲပြောင်းပေးခြင်းမရှိဘဲ စစ်တပ်က ဆက်လက်အာဏာ သိမ်းခဲ့ပြီးနောက် အာဏာရှင် ဦးသန်းရွှေလက်ထက် ၁၉၉၃ ခုနှစ် တွင် ကြံ့ဖွံ့အသင်းကို ဖွဲ့စည်းကာ ၂၀၁၀ ခု‌နှစ်ရွေးကောက်ပွဲအနီးတွင် ပါတီဟု အမည်ပြောင်း၍ စစ်ဗိုလ်ချုပ်များက ဦးဆောင်ခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့သည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီ ဝင်ရောက် ယှဉ်ပြိုင်ခွင့်မရသေး၍ အနိုင်ရသွားပြီး အစိုးရဖွဲ့နိုင်ခဲ့ကာ (၅)နှစ်ကြာအုပ်ချုပ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဝင်ပြိုင်ခဲ့သည့် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲများတွင် NLD ပါတီကို အပြတ်အသတ်ရှူံးထားသည့် ပါတီဖြစ်သည်။ 

၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းရန် ကြံ့ဖွံ့ပါတီဦးဆောင်သည့်ပါတီများက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တွန်းအားပေးခဲ့ပြီးနောက် မည်သည့်အချိန်တွင် ကျင်းပမည်မသိသော NLD မပါသည့် ရွေးကောက်ပွဲကို ကြံ့ဖွံ့ပါတီက အနိုင်ရရန် ရည်ရွယ်နေခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီက ရွေးကောက်ပွဲအနိုင်ရ NLD အပါအဝင် ပါတီပေါင်း(၃၀)ကျော်ကို ဖျက်သိမ်းပြီး မှတ်တင်ပြန်လည်လျောက်ထားသည့် ပါတီ(၅၀)ကျော်အနက် ကြံ့ဖွံ့ပါတီအပါအဝင် (၂၂)ပါတီကို မှတ်ပုံတင်ခွင့်ပြုပေးထားသည်။