ရခိုင်ပြည်နယ်တွင် တစ်နေ့တည်း အရပ်သား(၅၀)နီးပါးကို စစ်ကောင်စီတပ်ဖမ်းဆီး၊ လက်တုန့်ပြန်မည်ဟု AA ထုတ်ပြန်

ရခိုင်ပြည်နယ်တွင် တစ်နေ့တည်း အရပ်သား(၅၀)နီးပါးကို စစ်ကောင်စီတပ်ဖမ်းဆီး၊ လက်တုန့်ပြန်မည်ဟု AA ထုတ်ပြန်

ရခိုင်ပြည်နယ်တွင် ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့အတွင်း အရပ်သား(၅၀)နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသူများအတွက် လက်တုန့်ပြန်မည်ဟု ရက္ခိုင့်တပ်တော်(AA)က ယနေ့ ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအနီးရှိ တောင်ဖြူတောင်နှင့် အောင်မင်္ဂလာတောင်ထိပ်တို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ကျေးရွာမှ ဒေသခံအချို့အား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။ 

ညနေပိုင်းတွင် ဒေသခံ အမျိုးသမီး၊ အမျိုးသား စုစုပေါင်း (၇)ဦးအား ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်အပြင် စစ်ကောင်စီ၏ Mi35 ရဟတ်ယာဉ်တစ်စီးနှင့် လေယာဉ်နှစ်စီးသည် ပန်း‌မြောင်းကျေးရွာအား ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

စစ်တွေမြို့၊ ကိုးရီးယားဆိပ်ကမ်းအောက်တွင် ရပ်နားထားသော ဘုတ်၊ ဟွန်ဒါနှင့် သမ္ဗာန်များမှ အရပ်သား(၃၀)ကျော်အား စစ်ကောင်စီ‌ရေတပ်မှ မတရားအစုအပြုံလိုက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အဖမ်းဆီးခံရသူများ၏ နောက်ဆက်တွဲသတင်းများကို မသိရသေးဟု ထုတ်ပြန်ထားသည်။

ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ အမ်း၊ မြေပုံမြို့ နယ်များရှိ စစ်ကောင်စီတပ်စခန်းအချို့သည် မြို့အနီးအနားရှိ ကျေးရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များအပြင် လေကြောင်း၊ ရေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

မြေပုံမြို့နယ်၊ ထူးချေရွာအနီး မြစ်အတွင်း သွားလာနေသော ခရီးသည်တင် ဘုတ်တစ်စီးအား စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် မြေပုံမြို့နယ်၊ ငုပင်လယ် သင်္ဘောဆိပ်၌ စခန်းချထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွက်ဖြူတိုင်မြစ်အတွင်း သွားလာနေသော ပြည်သူများအား လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။ 

မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ၊ အောင်မင်္ဂလာကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်၊ ဂုဏ်ကျွန်းကျေးရွာမှ အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့သည်။

စစ်တွေမြို့၊ ပါဒလိတ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ (၂၃၂)တပ်ရင်းက ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ အသက်(၆)နှစ်နှင့် (၁၂)နှစ်အရွယ် ညီအစ်မ (၂)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency