အုတ်ဖိုတွင် စစ်သင်တန်းတက်ပြီးပြန်လာသည့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ 

အုတ်ဖိုတွင် စစ်သင်တန်းတက်ပြီးပြန်လာသည့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ 
အောက်တိုဘာ 4, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းဆိုသူ အင်းမတပ်တွင် စစ်သင်တန်းတက်ပြီး နေအိမ်သို့ပြန်ရောက်ရှိနေစဉ် သာယာဝတီခရိုင် PDF တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ(၄) (မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို)က ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၄)ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်ခံရခြင်းကြောင့် အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းမှာ နေရာ၌ပင်သေဆုံးခဲ့ပြီး ၎င်းထံမှ စစ်ကောင်စီတပ်ဖွဲ့များနှင့် အဆက်အသွယ်လုပ်ထားသည့် ဖုန်း(၂)လုံး၊ ငွေသား(၄၂၀,၀၀၀)ကျပ်နှင့် ဆိုင်ကယ်တစ်စီးကို သိမ်းဆည်းရရှိခဲ့သည်ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ဆိုသည်။

ထို့နောက် ၎င်းကိုင်ဆောင်နေသည့် လက်လုပ်သေနတ်တစ်လက်နှင့် လက်ပစ်ဗုံး(၂)လုံးကို ရှာဖွေသိမ်းဆည်းရန် အိမ်ထဲသို့ဝင်ရောက်စဉ် ပျူစောထီးများ ရောက်ရှိလာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့သည်ဟုလည်း သိရသည်။

အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းသည် ဒေသခံလူငယ်များအား ပျူစောထီးအဖွဲသို့ဝင်ရန် စည်းရုံးနေပြီး စစ်ကောင်စီအတွက် အင်အားစုဆောင်းပေးခြင်း၊ တော်လှန်ရေး ရဲဘော်များ၏ သတင်းများကို ထောက်လှမ်းပေးပို့ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ စခန်းတည်နေရာများကို သတင်းပေးခြင်းနှင့် စစ်ကြောင်းထိုးရာတွင် လိုက်လံပြသခြင်းနှင့် စစ်ကောင်စီတပ်ဖွဲ့များနှင့်ပေါင်း၍ ဒေသခံများကို ဖမ်းဆီးခြင်းများ ဆောင်ရွက်နေသူဖြစ်သည်ဟုလည်း ဆိုသည်။

#TachileikNewsAgency