မင်းလှမြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဝင်ပစ် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

မင်းလှမြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဝင်ပစ် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

ပဲခူးတိုင်း မင်းလှမြို့နယ် ပဲခူးရိုးမအစပ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်အား ပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့တွင် ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်သား(၃)ဦး သေဆုံးကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ(၅)ထံမှ သိရသည်။

ပဲခူးရိုးမအစပ် စမ်းဘုတ်ကျေးရွာထိပ်တွင် အင်အား(၁၅)ဦးဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ(၅)က ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဝင်ရောက်ပစ်ခတ်စဉ် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ရဲတပ်သား ကောင်းမိုးထက်အပါအဝင် (၃)ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ ၎င်းတို့ထံမှ မိုဘိုင်းဖုန်း(၂)လုံး၊ ဓာတ်မီး(၂)လက်၊ ငွေကျပ် (၂)သောင်း၊ သက်သေခံကဒ်ပြား(၇)ခု၊ ကျည်(၁၇)တောင့်တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က စစ်ကူများရောက်ရှိလာသဖြင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ(၅) ရဲဘော်များ ပြန်လည်ဆုတ်ခွာရခဲ့သည်ဟု သိရသည်။

#TachileikNewsAgency