ပလက်ဝမြို့ရှိ ခလရ (၂၈၉)နှင့် စကခ (၁၉)တို့အား AA က သိမ်းပိုက်ရာမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများ

ပလက်ဝမြို့ရှိ ခလရ (၂၈၉)နှင့် စကခ (၁၉)တို့အား AA က သိမ်းပိုက်ရာမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများ
ဇန်နဝါရီ 18, 2024 | 2021 Military Coup| အခြားဒေသများ

 ချင်းပြည်နယ် ပလက်ဝမြို့ရှိ အာဏာသိမ်း စစ်ကောင်စီတပ် ရှေ့တန်းတပ်မဌာနချုပ်ဖြစ်သော ခလရ (၂၈၉)၊ စကခ (၁၉)တို့အား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA)က ထုတ်ပြန်လာသည်။

ပလက်ဝမြို့ ပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်၏ ခလရ (၂၈၉) တပ်ရင်းဌာနချုပ်၊ စကခ(၁၉) ရှေ့တန်းတပ်မဌာနချုပ်နှင့် တပ်မ(၁၁) လက်အောက်ခံ တပ်ရင်းများသည် ပလက်ဝမြို့ကို ဗဟိုပြု၍ အရှေ့၊ အနောက်၊ တောင်၊ မြောက် တပ်ဖြန့်ထားသည်ဟု သိရသည်။ 

ခလရ (၂၈၉) တပ်ရင်းဌာနချုပ်သည် ပလက်ဝဒေသတစ်ခုလုံးရှိ ၎င်းတို့၏ တပ်စခန်းများအားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေသော အဓိက တပ်မဌာနချုပ်တစ်ခုဖြစ်ပြီး တပ်မမှူးများ ပူးတွဲကြီးကြပ်ကွပ်ကဲနေသည့် စစ်ဗျူဟာ ကုန်းကြီးလည်းဖြစ်သည်။

ပလက်ဝဒေသအတွင်းရှိ တပ်ရင်းများနှင့် ပလက်ဝဒေသအတွင်း အခြေချလှုပ်ရှားနေသော စကခ(၁၉)နှင့် တပ်မ (၁၁)တို့မှ တပ်မမှူးများအားလုံးသည် ပလက်ဝမြို့တွင် အတူရှိနေကြပြီး ၎င်းနေရာမှ ကွပ်ကဲအုပ်ချုပ်နေသောကြောင့် ပလက်ဝမြို့သည် အကြီးဆုံး ဗျူဟာစခန်းကုန်းလည်း ဖြစ်သည်။ 

ပလက်ဝမြို့ အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၈၉) တပ်ရင်းဌာနချုပ်အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သည်။

၎င်းဌာနချုပ်သည် စစ်ကောင်စီ၏ ပလက်ဝဒေသတစ်ခုလုံး၏ စစ်ဆင်ရေးကို စီမံခန့်ခွဲ ညွှန်ကြားနေသော ဌာနချုပ်စခန်းဖြစ်သည့်အပြင် ပလက်ဝဒေသတစ်ခုလုံးနှင့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာ(ပလက်ဝ) သုံးနိုင်ငံနယ်စပ်အထိ ၎င်းတို့၏ စစ်စခန်းများသို့ ထောက်ပို့ပေးနေသော ထောက်ပို့ဗျူဟာကုန်းကြီးလည်း ဖြစ်သည်ဟု သိရသည်။

ပလက်ဝဒေသအတွင်း စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် နှမဒါဗျူဟာနှင့် ခန်ခတောင်ဗျူဟာ စခန်းနှစ်ခုထဲမှ ခန်ခတောင်ဗျူဟာ စခန်းကိုလည်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့တွင် အပြီး သတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ပလက်ဝမြို့ကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်လိုက်ပြီဖြစ် ကြောင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၄)ရက်နေ့ညပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 

Photo: AA Info Desk