လောက်ကိုင်မြို့အနီးရှိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား ၁၁ ဦးဖမ်းမိပြီး လက်နက်ခဲယမ်းများရရှိဟု MNDAA ထုတ်ပြန်

လောက်ကိုင်မြို့အနီးရှိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား ၁၁ ဦးဖမ်းမိပြီး လက်နက်ခဲယမ်းများရရှိဟု MNDAA ထုတ်ပြန်
ဒီဇင်ဘာ 6, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့အနီးရှိ တာရင်တောင်၊ ရှောက်ရင်တောင် (အရပ်လေးမျက်နှာဘုရား)မှ စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့တွင် MNDAAက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၁၁)ဦးကို ဖမ်းမိပြီး လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

လောက်ကိုင်မြို့နှင့် (၂)မိုင်ဝန်းကျင်သာဝေးသည့် စစ်ကောင်စီတပ်၏ လေးမျက်နှာဘုရားကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို MNDAAက ဒီဇင်ဘာလ (၃)ရက်နေ့ကစတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တပ်စခန်းကို စစ်ကောင်စီက အခိုင်အမာတည်ဆောက်ထားပြီး စစ်ကောင်စီတပ်ဘက်က အင်အားများပြားသဖြင့် တိုက်ပွဲမှာ ဒီဇင်ဘာလ (၃)ရက်နေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ညနေပိုင်းတွင် MNDAAတပ်များသည် ထိုးစစ်ဆင်တိုက်ခိုက်မှုကို ရပ်နားခဲ့ပြီး‌နောက် ဒီဇင်ဘာလ (၄)ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ (၅)ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများထဲတွင် သက်ကြီးရွယ်အိုများ၊ ဒဏ်ရာရစစ်သားများပါဝင်သည်ဟု သိရသည်။

ကိုးကန့်ဒေသတွင်း မီရှင့်ကုတ်၊ နန်ထင်မိန်၊ ရန်လုံကျိုင့်နှင့် တာရွှေထန် စသည့် စစ်ကောင်စီတပ်စခန်းများသာ ကျန်ရှိတော့ပြီး MNDAA ၏ ကိုးကန့်ဒေသ ပြန်လည်ထူထောင်ရေးသည် အောင်မြင်တော့မည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: The Kokang