မိုးဗြဲမြို့ကို တော်လှန်ရေးတပ်များထိန်းချုပ်နိုင်ပြီ

မိုးဗြဲမြို့ကို တော်လှန်ရေးတပ်များထိန်းချုပ်နိုင်ပြီ
ဒီဇင်ဘာ 5, 2023 | 2021 Military Coup| ကယား

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ကို ကရင်နီအမျိုးသားတော်လှန်ရေးတပ်များက ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ ကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေကြောင်း မိုးဗြဲ PDFထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့က မိုးဗြဲ ၁၁.၁၁ စစ်ဆင်ရေးစတင်ခဲ့ပြီး ကရင်နီအမျိုးသားကာကွယ်ရေးတပ်များက မိုးဗြဲ၊ ဖယ်ခုံဒေသများအတွင်းရှိ စစ်ကောင်စီတပ်၏ ခြေကုပ်စခန်းများနှင့် ထောက်ပို့စခန်းများအား ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မိုးဗြဲမြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

"အခုလက်ရှိ မိုးဗြဲမြို့ကို ကျွန်တော်တို့ ကာကွယ်ရေးတပ်တွေ ထိန်းချုပ်နေပါတယ်ဗျ။ စကစဖက်ကနေပြီး မိုးဗြဲမြို့တွင်းနဲ့ မြို့ပေါ်က ရပ်ကွက်တချို့၊ ရပ်ရွာတစ်ချို့တို့ကို လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေသလို လေယာဥ်တွေနဲ့လည်း လာရောက်ဗုံးကြဲပစ်ခတ်တာတွေ လုပ်နေတာတွေ့ရပါတယ်။"ဟု မိုးဗြဲ PDFမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကို ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်စခန်းများမှာ ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း (၃)၊ ပွဲကုန်း (၁)၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား(၂)ကျေးရွာဒေသများအတွင်း တပ်စွဲထားသော ခြေကုပ်စခန်း(၈)ခုဖြစ်သည်ဟု သိရသည်။

တော်လှန်ရေးတပ်များက မိုးဗြဲမြို့ကို ထိန်းချုပ်ထားပြီးနောက် စစ်ကောင်စီတပ်သည် မိုးဗြဲမြို့ကို ပေါင်(၅၀၀)ဗုံးကြဲခြင်း၊ လက်နက် ကြီးနှင့်ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရကာ နေအိမ်တချို့ ပျက်စီးခဲ့ရသည်။

"မိုးဗြဲမြို့ကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်လိုက်ပြီ။ စစ်ကောင်စီရဲ့ တပ်ရင်း(၄၂၂)တော့ ကျန်သေးတယ်။ သူက မြို့အပြင်ဖက်မှာ။ လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေတယ်။"ဟု မိုးဗြဲမြို့မှ ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

စစ်ရေးတွင် ရှုံးနှိမ့်နေသော စစ်ကောင်စီတပ်သည် အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်နေပြီး ကျေးရွာအတွင်း နေထိုင်သူ ပြည်သူများအနေဖြင့် လေယဉ်အသံများကြားပါက ချက်ချင်းလုံခြုံအောင် နေပေးကြရန်နှင့် စစ်ရေးသတင်းများကို နားစွင့်ပြီး စစ်ရေးသတိရှိနေပေးကြရန် MBPDF ကထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : Karenni Post