ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်၏ နှုံးဘူးဗျူဟာကို AA သိမ်းပိုက်ရရှိခဲ့ပြီး ဗျူဟာမှူးသေဆုံး

ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်၏ နှုံးဘူးဗျူဟာကို AA သိမ်းပိုက်ရရှိခဲ့ပြီး ဗျူဟာမှူးသေဆုံး

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်၏ နှုံးဘူးဗျူဟာစခန်းကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့ ညပိုင်းတွင် အပြီးသတ် သိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)ထံမှ သိရသည်။

AA တပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို စစ်ကောင်စီတပ်က လက်နက်ကြီးများ၊ လေကြောင်းပစ်ကူ အမြောက်အမြားဖြင့် အပြင်းအထန် ခုခံခဲ့သော်လည်း သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နှုံးဘူးစခန်းအား သိမ်းပိုက်ရာ စစ်ကောင်စီတပ်မှ ဗျူဟာမှူး အလောင်းအပါအဝင် အခြားအလောင်းတချို့၊ လက်နက်ခဲယမ်းအမြောက်အမြားအား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ တရွန်အိုင်ဗျူဟာနှင့် နှုံးဘူးဗျူဟာစခန်းနှစ်ခုကို ရက္ခိုင့်တပ်တော်(AA)က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ (၄)ရက်နေ့တွင် တရွန်အိုင်ဗျူဟာအား သိမ်းပိုက်ရရှိခဲ့ပြီး ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် နှုံးဘူး‌ဗျူဟာအား ထပ်မံသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် တစ်ပိုင်းတစ်စ သိမ်းပိုက်ရန်ကျန်ရှိနေသေးသော စခန်းများကိုလည်း ဆက်လက်သိမ်းပိုက်ရယူနိုင်ရေးအတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

ယနေ့ ဒီဇင်ဘာလ (၁၁)ရက်၊ ညနေပိုင်းတွင် အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ကဇူးကိုင်း၊ တောဟိန်းတောင်ဗျူဟာမှ အမ်းမြို့နယ်၊ တဲဖျားရွာအနီးသို့လည်းကောင်း၊ အမ်းမြို့နယ်၊ ဒလက်ချောင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုမှ အမ်းမြို့နယ်၊ သက်ချောင်းဘုရား အနောက်တောင်ဘက် တောင်တန်းရှိ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များရှိရာ နေရာသို့လည်းကောင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency