သီန္နီမြို့ကို မဟာမိတ်တပ်များ စတင်ထိန်းချုပ်

သီန္နီမြို့ကို မဟာမိတ်တပ်များ စတင်ထိန်းချုပ်
အောက်တိုဘာ 29, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီမြို့ကို မဟာမိတ်တပ်များက ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့တွင် စတင်ထိန်းချုပ်လာနိုင်နေပြီဟု သိရသည်။

သီန္နီမြို့ကို ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၈)ရက် ညနေပိုင်းကစတင်ကာ မဟာမိတ်တပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ယနေ့ အောက်တိုဘာလ (၂၉)ရက်နေ့ နံနက်ပိုင်းတွင် နေရာအများစုအား တိုက်ခိုက်ထိန်းသိမ်းထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

"(၁၀၀)ရာခိုင်နှုန်းတော့ ထိန်းချုပ်ပြီးတဲ့ပုံစံမျိုး မရှိသေးဘူး။ သီန္နီပတ်ပတ်လည်က စစ်ကောင်စီတပ်စခန်းတွေကို လိုက်ပြီးတော့ ချေမှုန်းနေတာတော့ရှိတယ်။"ဟု မဟာမိတ်တပ်ဖွဲ့မှ ရဲဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယမန်နေ့ အောက်တိုဘာလ (၂၇)ရက်နေ့ကစတင်ကာ ယနေ့အထိ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်စခန်း (၃၀)ကျော်ကို ညီနောင်မဟာမိတ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့၏ သံချပ်ကာကား(၂)စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ညီနောင်မဟာမိတ်များသည် စစ်ကောင်စီတပ်ဖွဲ့၏ စခန်း အကြီး၊ အသေး စုစုပေါင်း(၃၀)ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ရာချီသေဆုံးခဲ့သည့်အပြင်  စစ်သုံ့ပန် (၁၀)ဦးကိုလည်း ဖမ်းဆီးရရှိထားကြောင်း သိရသည်။

၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့ကစတင်ကာ ယနေ့ အောက်တိုဘာလ(၂၉)ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိထားသည်။

#TachileikNewsAgency