ချင်းလဲန်နယ်မြေအတွင်း ကျူးကျော်သူ စစ်အာဏာရှင်တပ်များကို အပြီးအပိုင် တိုက်ထုတ်သွားရမည်ဟု ချင်းလဲန်ကောင်စီဥက္ကဌပြော

ချင်းလဲန်နယ်မြေအတွင်း ကျူးကျော်သူ စစ်အာဏာရှင်တပ်များကို အပြီးအပိုင် တိုက်ထုတ်သွားရမည်ဟု ချင်းလဲန်ကောင်စီဥက္ကဌပြော
ဇန်နဝါရီ 1, 2024 | 2021 Military Coup| အခြားဒေသများ

ချင်းအမျိုးသားပိုင်နက်နယ်မြေများကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ပြီး နယ်မြေအတွင်းရှိသည့် ကျူးကျော်သူစစ်အာဏာရှင်တပ်များကို အပြီးအပိုင်တိုက်ထုတ်သွားရမည်ဖြစ်ကြောင်း ချင်းလဲန်ကောင်စီ ဥက္ကဌ Pu Zing Cungက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့တွင် ထုတ်ပြန်သည့် နှစ်သစ်ကူးမိန့်ခွန်းတွင်ပြောသည်။

ပထမအချက်အနေဖြင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေးဖြစ်ပြီး စစ်အာဏာရှင်စနစ် ဖျက်သိမ်းနိုင်ရေးအတွက် ကျောထောက်နောက်ခံပေးနေသည့် စစ်တပ်နှင့် ၎င်းတို့၏ ယန္တရားတစ်ခုလုံးကို ချေမှုန်းရန်လိုသည်ဟု ဆိုသည်။

“တိုင်းပြည်တစ်ခုမှာ စစ်တပ်လိုအပ်တယ်ဆိုတာ လူတိုင်းနားလည်သဘောပေါက်ပါတယ်။ ဒါပေမယ့် အဲဒီစစ်တပ်ဟာ ပြည်သူနဲ့ တိုင်းပြည်ကို ကာကွယ်တဲ့ စစ်တပ်မဟုတ်ဘဲ ပြည်သူကို ဖိနှိပ်ညှင်းပမ်းသတ်ဖြတ်နေတဲ့စစ်တပ်၊ တိုင်းပြည်ကို အတင်းအဓမ္မ အုပ်ချုပ်တဲ့စစ်တပ်ဖြစ်နေခဲ့လို့ရှိရင် ပြည်သူလူထုကပဲ အမြစ်ပြတ်တဲ့အထိ တွန်းလှန်တိုက်ထုတ်ရမှာဖြစ်တယ်။”ဟု ချင်းလဲန်ကောင်စီ ဥက္ကဌ Pu Zing Cungကပြောသည်။

ထို့ကြောင့် စစ်ကောင်စီတပ်ကို အမြစ်ပြတ်သည်အထိ တိုက်ခိုက်ချေမှုန်းကြရမှာဖြစ်ပြီး ချင်းလူမျိုးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံသားအားလုံး တစိုက်မတ်မတ် လုပ်ဆောင်ရမည့် သမိုင်းပေးတာဝန်ဖြစ်သည်ဟု ဆိုသည်။

ဒုတိယအချက်အနေဖြင့် ချင်းအမျိုးသားပိုင်နက်နယ်မြေကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ပြီး လက်ရှိတွင် ချင်းလဲန်နယ်မြေအများစုကို ချင်းအမျိုးသားတပ်မတော်နှင့် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များက စိုးမိုးထိန်းချုပ်နေပြီဖြစ်ပြီး တချို့အစိတ်အပိုင်းများကို စစ်ကောင်စီတပ်က ကျူးကျော်အုပ်ချုပ်နေဆဲဖြစ်ခြင်းကြောင့် ချင်းလဲန်နယ်မြေ အတွင်းမှာရှိသည့် ကျူးကျော်သူအာဏာရှင်စစ်တပ်ကို အပြီးပိုင်တိုက်ထုတ်သွားရမည်ဟု ဆိုသည်။

တတိယအချက်အနေဖြင့် အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသည့် ချင်းလဲန်တည်ဆောက်ရေးဖြစ်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ချင်းလဲန်ကောင်စီက လွှတ်တော် ၊ အစိုးရ၊ တရားလွှတ်တော်ချုပ်တို့ကို မကြာမီဖွဲ့စည်းထူထောင်သွားမည်ဟု သိရသည်။

စတုတ္ထအချက်အနေဖြင့် နိုင်ငံရေးနှင့် အမျိုးသားတန်းတူရေး အာမခံချက်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ်ပြီး နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တခဲ့သည့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် အကောင်းဆုံးအခွင့်အလမ်းဖြစ်ကာ တော်လှန်တိုက်ပွဲဝင်နေကြသည့် အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်းတိုက်ပွဲဝင်ရန်လိုကြောင်း၊ အာဏာရှင်စနစ်ဖျက်သိမ်းပြီး ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ်တို့ကို တည်ဆောက်ကြရမည်ဖြစ်ကြောင်း ပြောသည်။

#TachileikNewsAgency