ရမ်းဗြဲမြို့နယ်အတွင်း တိုက်ပွဲများတွင် လက်နက်ချ အညံ့မခံသေးသည့် စစ်ကောင်စီတပ်၏ လက်ကျန် အင်အားနှင့် ထွက်ပြေးသူများကို AA က လိုက်လံ ချေမှုန်း

ရမ်းဗြဲမြို့နယ်အတွင်း တိုက်ပွဲများတွင် လက်နက်ချ အညံ့မခံသေးသည့် စစ်ကောင်စီတပ်၏ လက်ကျန် အင်အားနှင့် ထွက်ပြေးသူများကို AA က လိုက်လံ ချေမှုန်း



ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်အတွင်း တိုက်ပွဲများတွင် လက်နက်ချ အညံ့မခံသေးသည့် အာဏာသိမ်း စစ်ကောင်စီတပ်၏ မြို့တွင်းလက်ကျန်အင်အားနှင့် စစ်ကူအင်အားများကို ရက္ခိုင့်တပ်တော်က ဆက်လက် တိုက်ခိုက်ကာ လိုက်လံ ချေမှုန်းနေလျှက်ရှိကြောင်း သိရသည်။

ရမ်းဗြဲမြို့ရှိ စစ်ကောင်စီတပ်များကို ရက္ခိုင့်တပ်တော်က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့ကစတင်၍ ထိုးစစ်ဆင်တိုက် ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း ကစဉ့်ကလျားထွက်ပြေးနေကြသည့် စစ်ကောင်စီတပ်သားများကို ရက္ခိုင့်တပ်တော်က ဆက်လက်၍ မတ်လ(၇)ရက်နေ့အထိ လိုက်လံ ချေမှုန်း တိုက်ခိုက်နေသည်ဟု သိရသည်။။ 

ရမ်းဗြဲမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးခြင်း၊ စစ်သင်္ဘောများမှ လက်နက်ကြီးများပစ်ကူပေးခြင်းအပြင် လူအင်အားဖြည့်တင်းခြင်းများလည်း ပြုလုပ်ခဲ့သည်ဟု သိရ သည်။

ထို့အပြင် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ စစ်ကောင်စီတပ်၏ လက်ကျန်စခန်းအချို့အား ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်သည်ဟု သိရသည်။

ရသေ့တောင် အခြေစိုက်တပ်ရင်းများဖြစ်သည့် ခမရ (၅၃၆)၊ (၅၃၇)နှင့် (၅၃၈)တို့ကို စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေပစ်ကူများဖြင့် အပြင်းအထန်ခုခံနေကြောင်းလည်း သိရသည်။ 

ရက္ခိုင့်တပ်တော်(AA)အနေဖြင့် အပြီးသတ် သိမ်းပိုက်ရယူရန် သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို တစ်ခုပြီးတစ်ခု ချေမှုန်းတိုက်ခိုက်နေပြီး ထိုးစစ်များအတွင်း လက်နက်ချအညံ့မခံဘဲ ထွက်ပြေး လွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးနေဟုလည်း ထုတ်ပြန်ထားသည်။