မြောက်ယမားချောင်းအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်သွားသည့် လည်ငေါက်ရွာသား ၄ ဦးအလောင်း ပြန်တွေ့

မြောက်ယမားချောင်းအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်သွားသည့် လည်ငေါက်ရွာသား ၄ ဦးအလောင်း ပြန်တွေ့

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မြောက်ယမားချောင်းအတွင်း၌ ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၆)ရက်နေ့တွင် သေဆုံးနေသည့် အလောင်း(၄)လောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူများမှာ လည်ငေါက်ကျေးရွာမှ အရပ်သားများဖြစ်ပြီး (၃)ဦးကို နံနက်ပိုင်းတွင်တွေ့ရှိခဲ့ကာ ကျန်တစ်ဦးကို ညနေပိုင်း‌တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြထားသည်။

သေဆုံးနေသူ လည်ငေါက်ကျေးရွာသားများမှာ ပြီးခဲ့သည့်ဩဂုတ်လ (၁၀)ရက်နေ့က စစ်ကောင်စီတပ်များ ပုလဲမြို့နယ်အတွင်းမှ ယင်းမာပင်မြို့နယ်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာချိန် ဖမ်းဆီးခံရသူများဖြစ်ကြောင်း သိရသည်။

ထို့နောက် ဩဂုတ်လ(၁၄)ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်ခံထားရသည့် ၎င်းလည်ငေါက်ဒေသခံများကို စစ်ကြောင်းနှင့်အတူခေါ်ဆောင်ကာ မြောက်ယမားတံတားပေါ်သို့အရောက်တွင် သတ်ပြီး ချောင်းအတွင်းသို့ပစ်ချထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါစစ်ကြောင်းသည် လက်ရှိတွင် မြန်မာဝမ်ပေါင်ကြေးနီစီမံကိန်း၌ တပ်စွဲနေကာ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

#TachileikNewsAgency