လားရှိုးမြို့နယ် နမ့်တွန်ကျေးရွာအနီး စစ်ကောင်စီတပ်ကို TNLA တိုက်ခိုက် လက်နက် ၃ လက်ရရှိ

လားရှိုးမြို့နယ် နမ့်တွန်ကျေးရွာအနီး စစ်ကောင်စီတပ်ကို TNLA တိုက်ခိုက် လက်နက် ၃ လက်ရရှိ
နိုဝင်ဘာ 23, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်တွန်ကျေးရွာအနီးတွင် ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့ နေ့လယ်ပိုင်းက စစ်ကူလာသည့် စစ်ကောင်စီတပ်ကို TNLAက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

သိန္နီဘက်သို့ စစ်ကူရောက်လာသော အဆိုပါစစ်ကောင်စီတပ်အား တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော်(TNLA)က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက် (၃)လက်ကို သိမ်းဆည်ရရှိခဲ့ခြင်းဖြစ်သည်ဟု TNLAထံမှ သိရသည်။

လားရှိုးမြို့နယ် စစ်ကောင်စီတပ်၏ မိုင်းကျက်တပ်စခန်းအား ယနေ့ နံနက်ပိုင်းတွင် TNLAက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်ပွားရာ မိုင်းကျက်တွင် Y-12 ဖြင့် (၂)ကြိမ် ဗုံးကြဲချခြင်းနှင့်  တိုက်လေယာဉ်ဖြင့် (၅)ကြိမ် လာရောက်ပစ်ကူပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းသစ်ကုန်းတွင်‌လည်း တိုက်ပွဲဖြစ်ပြီး ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီတပ်က  MiG-29/YAK-130 လေယာဥ်ဖြင့် (၄)ကြိမ် လာရောက်ပစ်ကူပေးခဲ့ကြောင်း သိရသည်။

ယမန်နေ့ကလည်း လားရှိုးနှင့် သိန္နီကြား (၁၃မိုင် နှင့် ၁၄ မိုင်)ကြားတွင် စစ်ကူရောက်လာသော စစ်ကောင်စီတပ်အား TNLAမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက် (၄)လက် သိမ်းဆည်းရရှိခဲ့သည်။

#TachileikNewsAgency