မိုးဗြဲစစ်ရှောင်စခန်းကို လက်နက်ကြီး အပါအဝင် လေကြောင်းပစ်ခတ်၍ နေအိမ်များပျက်စီး အရပ်သားထိခိုက်မှုရှိ

မိုးဗြဲစစ်ရှောင်စခန်းကို လက်နက်ကြီး အပါအဝင် လေကြောင်းပစ်ခတ်၍ နေအိမ်များပျက်စီး အရပ်သားထိခိုက်မှုရှိ
ဇွန် 15, 2023 | 2021 Military Coup| ကယား

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ် ဇွန်လ(၁၄)ရက်နေ့ညပိုင်းနှင့် ယနေ့ ဇွန်လ (၁၅)ရက်နေ့ နံနက်ပိုင်းတို့တွင် လက်နက်ကြီး အပါအဝင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်များ ပျက်စီးကာ အရပ်သားထိခိုက်မှုရှိကြောင်း သိရသည်။



စစ်ကောင်စီတပ်သည် မိုးဗြဲစစ်ရှောင်စခန်း တစ်နေရာသို့ ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၅)ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ဇွန်လ(၁၄)ရက် ညပိုင်းက လည်း လက်နက်ကြီးဖြင့် (၁၅)လုံးထက်မနည်း ပစ်ခတ်ခဲ့သဖြင့် အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့သည်ဟု မိုးဗြဲရွှေလင်း ယုန်တပ်ခွဲက တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။



လက်ရှိတွင် မိုးဗြဲမြို့၌ စစ်ကောင်စီဘက်က နေရာအနှံ့ နေရာယူထားပြီး နှစ်ဖက်အကြား တိုက်ပွဲဖြစ်လာနိုင်သည့် အခြေအနေဖြစ်၍ ခရီးသွားများ အနေဖြင့် မိုးဗြဲ-ပီကင်းလမ်းပိုင်းကို အသုံးမပြုကြရန်နှင့် ပြည်သူများ အနေဖြင့် လက်နက်ကြီးနှင့် လေယာဉ်အန္တရာယ်ကို အထူးသတိပြုကာ လုံခြုံဘေးကင်းသော နေရာများတွင်နေထိုင်ကြရန် မိုးဗြဲရွှေလင်း ယုန်တပ်ခွဲက သတိပေးထားသည်။



ပြီးခဲ့သည့် မေလ(၂၇)ရက်နေ့ကစပြီး စစ်ကောင်စီတပ်သည် မိုးဗြဲမြို့ကို လေကြောင်းပစ်ကူများအပါအဝင် လက်နက်ကြီးပစ်ခတ်ခြင်းများကြောင့် အရပ်သားအမျိုးသား(၈)ဦးနှင့် အမျိုးသမီး (၅)ဦး ထိမှန်သေဆုံးခဲ့ရသေးသည်။



#TachileikNewsAgency

Photo : MBPDF ရွှေလင်းယုန်တပ်ခွဲ