ကုန်တင်ယာဉ်များ ကန့်သတ်ထားသည့်အတွက် ကျောက်မဲမြို့မှ ဒေသထွက်ကုန်များကို မြန်မာ့မီးရထားဖြင့် ပို့ဆောင်

ကုန်တင်ယာဉ်များ ကန့်သတ်ထားသည့်အတွက် ကျောက်မဲမြို့မှ ဒေသထွက်ကုန်များကို မြန်မာ့မီးရထားဖြင့် ပို့ဆောင်
အောက်တိုဘာ 2, 2020
By Tachileik News Agency

ကုန်တင်ယာဉ်များ ကန့်သတ်ထားသည့်အတွက် ကျောက်မဲမြို့မှ ဒေသထွက်ကုန်များကို မြန်မာ့မီးရထားဖြင့် ပို့ဆောင်

Covid-19 ထိန်းချုပ်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ်အတွင်း ကုန်တင်ယာဉ်များ သွားလာ ကန့်သတ်မှုကို အောက်တိုဘာလ (၁၄)ရက်နေ့အထိ ရှမ်းပြည်နယ်အစိုးရအဖွဲ့က သတ်မှတ်ထားသည့်အတွက် ကျောက်မဲမြို့နယ်အတွင်းမှ ဒေသထွက်ကုန်များကို အခြားဒေသသို့ မြန်မာ့မီးရထားဖြင့် အသုံးပြုပို့ဆောင်ပေးနေကြောင်း သိရသည်။
"ကုန်တွေက ဒေသထွက်သီးနှံတွေ ဖြစ်တော့ ကားတွေ မသွားရတာကို အကြာကြီး စောင့်နေဖို့ အဆင်မပြေဘူး။ ဒါကြောင့် ရထားနဲ့တင်ပြီး မန္တလေး - လားရှိုး ဘက်တွေကို ပို့ရတယ်၊ အချို့သီးနှံတွေက မပို့သေးပဲ သိမ်းထားရင် အရည် အသွေး ကျသွားမှာ ဖြစ်တဲ့အတွက် အခုလို ရထားလမ်းကြောင်းကို အသုံးပြုလာရတာပါ" ဟု ကျောက်မဲရှိ သီးနှကုန်သည် တစ်ဦး ဖြစ်သည့် ကိုမျိုး က တာချီလိတ် သတင်း အေဂျင်စီ သို့ ပြောသည်။
ကုန်တင်ယာဥ်များ အသွားအလာ ကန့်သတ်ထားသည့်အတွက် မန္တလေးဘက်သို့ တင်ပို့မည့် ကျောက်မဲဒေသထွက်ကုန်များ ဖြစ်သည့် ကန်စွန်းဥ၊ အာလူး၊ ပဲ၊ ပြောင်း စသည်တို့ကို မီးရထားဖြင့် တင်ဆောင်နေရခြင်း ဖြစ်သည်။
"ကုန်ကားတွေ သွားလာရတာ ခက်ခဲလာတော့ ကုန်သည်တွေကလဲ ရထားဘက်ကို သတိရလာကြတဲ့ သဘောပါ၊ ကုန်သည်တွေ အတွက် အဆင်ပြေသွားတာပေါ့"ဟု ကျောက်မဲဘူတာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မူဆယ်မြို့တွင် ကုန်တင်ယာဉ်မောင်းတစ်ဦး၌ COVID 19 ကူးစက်ခံထားရသည်ကို စက်တင်ဘာလ (၃၀)ရက်နေ့က ဓာတ်ခွဲတွေ့ရသည့်အတွက်  ပြည်နယ်တွင်း COVID 19 ကူးစက်ပျံ့နှံ့မှု ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် COVID 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက စက်တင်ဘာလ (၃၀)ရက်နေ့၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီး ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာမှုကို ၂၀၂၀ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ ယာယီကန့်သတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
Covid ကြောင့် ပြည်ပမှ နေရပ်ပြန်များ ရှိနေသည့်အတွက် ယာယီရပ်နားခဲ့သော  မန္တလေး - ကျောက်မဲ -  လားရှိုး ရထားခရီးစဥ်အား ၂၀၂၀ ခုနှစ် မေလ (၆)ရက်က စတင်ကာ  ပြေးဆွဲပေးနေခြင်းဖြစ်ပြီး လက်ရှိ အချိန်ထိ ပြည်ပပြန်သူ ဦးရေ (၃၀,၀၀၀)နီးပါး ရှိနေပြီဟု သိရသည်။
 
Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~